အဆိုတော် Xbox က လက်ရှိမှာ လူငယ်ပရိသတ်များရဲ့ အားပေးမှုခံထားရတဲ့ Rapper အဆိုရှင်တဦးလည်း ဖြစ်ပါတယ်။ သီချင်းအသစ်တွေကို သူများနဲ့မတူ တမူထူးခြားတဲ့ အသံ၊ဟန်ပန်နဲ့ သီဆိုတတ်တဲ့ အဆိုရှင်တဦးလည်း ဖြစ်ပါတယ်။
အဆိုတော် Xbox ရဲ့ ဂီတအပေါ် ခံယူချက် ၊ လက်ရှိဖန်တီးမှုများအကြောင်းနဲ့ သီချင်းအသစ်တွေအကြောင်းကို သတင်းထောက်မန်းသူက အခုလိုပဲ မေးမြန်းထားပါတယ်။
မေး။ ။ အရင်က X Box ကရုပ်ရှင်တွေ၊ ရိုက်ကူးရေးတွေ ရှိမယ်လို့ ပြောထားဖူးတော့ အခုက မရိုက်ဖြစ်တော့ဘူးလား။ ဖြေ။ ။ သရုပ်ဆောင်က မလုပ်သေးတာ။ စိတ်တွေက တနေ့ထက် တနေ့ပိုရင့်ကျက်လာတာလည်း ပါတယ်။ ရင့်ကျက်တယ်ဆိုတာထက် ကျနော်ရိုက်ကူးရေးလုပ်လိုက်ရင် လူတွေကပိုသိလာမှာပဲ။ ဥပမာ-ကျနော်နယ်သွားရင် X Box ဆိုတာ Rapper အဆိုတော်ဆိုတာကို မသိသေးတဲ့ နယ်ပယ်တွေ အများကြီးရှိတယ်။ အဲဒီလိုနေရာတွေမှာ ရုပ်ရှင်ပဲ ၊ဗွီဒီယိုပဲ ကျယ်ပြန့်တာ။ အဲဒီလိုနေရာအထိ ဈေးကွက်ကြီးတခုလို ကျနော်ဖောက်လိုက်မယ်ဆိုရင် ဖောက်လို့ရတာပဲ။
ဒါပေမယ့် အဲဒီအတွက်ကြီးကို ရိက္ခာအစုံအလင်မရှိသေးတဲ့အတွက်၊ ရိက္ခာဆိုတာက ကျနော့်အနုပညာဝမ်းစာမပြည့်ဝသေးတဲ့အချိန်ပေါ့။ ဟာ..ဒီကောင်လေးက ရုပ်လေးသနားကမားနဲ့ သရုပ်ဆောင်က ချာတူးလန်နေတာပဲဆိုတာမျိုးကြီး ကျနော်မလုပ်ချင်ဘူးဗျ ။ ဒီတော့ သမိုင်းကိုပဲ သေချာဖောက်ပြီး ဒီထက်မက အနုပညာပါဝါတွေပြည့်လာတဲ့အချိန်ကျရင် ဒိန်း ဆို ကျနော်တကားဆို တကား အထိရိုက်မယ်။ ကျနော့်အတွေးအခေါ်က ဒါပါပဲ။
မေး။ ။ ဒါဆို အချိန်စောင့်နေတာလား။
ဖြေ။ ။ စောင့်မယ်။ အချိန်စောင့်မယ်။ ကျနော့်အတွက်က အိတ်ကပ်ထဲကို ပိုက်ဆံတွေအများကြီးထည့်ဖို့ထက် ကျနော့် ပရိသတ်တွေရင်ဘတ်ထဲမှာ အကြာကြီးစွဲကျန်နေဖို့ဆိုတာပဲ အဲဒီလိုင်းရွေးလိုက်တာပါပဲ။
မေး။ ။ သီချင်းအသစ်တွေကို ရေးဖြစ်နေလား။ ပရိသတ်က သီချင်းအသစ်တွေ ဘယ်တော့လောက် နားထောင်ရမလဲ။
ဖြေ။ ။ အများကြီးပဲ။ ကျနော့်ရှိတဲ့ ပရိသတ်တွေရော၊ ကျနော့်ကိုလုံးဝမကြိုက်တဲ့ပရိသတ်တွေ ကျနော့်အပေါ်မှာ Attention တွေအများကြီးရှိလာအောင် ကျနော့်မှာ လုပ်ငန်းတွေအများကြီးရှိတယ်။ အဓိက ဘာလဲဆိုတော့ Plan သေချာချပြီးမှ ပစ်တော့မယ်လို့တွေးတဲ့အတွက် မရေရာဘဲနဲ့တော့ ဘာမှ မပြောထားပါဘူး။
မေး။ ။ သီချင်းအသစ်တွေရေးတဲ့အခါ လူငယ်ပရိသတ်အတွက် ဘယ်လိုအသစ်အဆန်းတွေ ရေးဖြစ်မလဲ။
ဖြေ။ ။ အများကြီးပဲ။ ကျနော့်မှာ ဘယ်လိုပြောမလဲ။ ငယ်ငယ်လေးကတည်းက တယောက်တည်းကြိတ်ပြီး Drepression ဝင်နေရတဲ့ အချိန်တွေဆိုတာ အများကြီးရှိတယ်ဗျ။ ဖြစ်မှဖြစ်ပါ့မလားဆိုတဲ့ အတွေးကနေပြီးတော့ ဖြစ်ကိုဖြစ်ရမယ်ဆိုပြီး လုပ်ခဲ့တဲ့အရာတွေကလည်း အချိန်ပေါင်း အများကြီးပဲပေါ့နော် ။
အဓိကတော့ လူငယ်တွေအတွက် Motivate ဖြစ်စေမယ့်အကြောင်းအရာတွေ အများကြီးရှိတယ်။ ပြီးရင် အဖေမရှိတဲ့၊အဖေနဲ့ မနေခဲ့ရတဲ့သူတွေ၊ မိသားစုစုံစုံလင်လင် မနေရတဲ့သူတွေအတွက်လည်း ကျနော့်မှာအကြောင်းအရာတွေ အများကြီးရှိတယ်။
ကျနော်ကအိမ်မှာ အငယ်ဆုံးသားဖြစ်တော့ အငယ်ဆုံးသားတွေ၊ တဦးတည်းသောသားတွေက တခြားသူတွေထဲအပေါင်း အသင်းတွေထဲ ရောက်သွားရင် ဗိုလ်ကျချင်တယ်။ အဲဒီလိုလူတွေအတွက်လည်း သီချင်းတွေကျနော့်မှာ ရှိတယ်။ ကျနော့် ဘဝတွေထဲမှာ ပတ်လည်ရိုက်နေတာတွေကိုပဲ လူတွေကိုပေးပို့နေတာ ။ ကျနော်မကြုံဖူးတဲ့ အကြောင်းအရာတွေကိုတော့ Thesisလုပ်ပြီးတော့၊ လိုက်လေ့လာပြီးတော့ စိတ်မှန်းကြီးနဲ့တော့ ကျနော်မရေးပါဘူး။
မေး။ ။ အနုပညာရှင်ဆိုတာ stress များတယ်လို့ ဆိုကြတယ်။ Stress တွေကို ဘယ်လိုဖြေလျော့ပါလဲ။
ဖြေ။ ။ အနုပညာရှင်ရဲ့ Stress ကတော့ အနုပညာနဲ့ပဲ ပြန်ဖြေလျော့ရတာပါပဲ။ ကျနော်ဆိုရင် Stress များလို့ရှိရင်…တကယ်က ကျနော့်မှာပျက်နေတဲ့အကျင့်တွေ အများကြီးရှိတယ်ဗျာ။ ဥပမာ-ပုတီးစိတ်တာလည်း ပျက်နေတယ်။ ပုတီးစိတ်လိုက်ရင် ကျနော့်စိတ်ပျော်သွားတယ်။ Something တခုခုပေါ့။ ဘယ်သူမဆိုပေါ့။ ကိုစိုင်းစိုင်းခမ်းလှိုင်ဖြစ်ပစေ။ ကို J me ဖြစ်ပစေ။ ဦးလေးဖြူဖြစ်ပစေ။ ဦးဇော်ဝင်းထွဋ်ဖြစ်ပစေ။သီချင်း ၁၀ ပုဒ်ထုတ်ရင် ဆယ်ပုဒ်စလုံးမပေါက်ဘူးလေ။
အောင်မြင်တဲ့အချိန်ရှိတယ်။ ကျရှုံးတဲ့အချိန်ရှိတယ်။ ကိုယ်ထင်သလောက် မဖြစ်လာတဲ့အချိန်ရှိတယ်။ အဲဒီအချိန်တွေမှာ ကိုယ်က နောက်ထပ်အလုပ်သစ်တွေအတွက်ကို အမြဲတမ်းစိတ်ကူးတွေအများကြီးရှိပြီးတော့ စိတ်ခိုင်အောင်နေနေဖို့ပဲဗျ။ ဒါလေးတခုမဖြစ်မြောက်တာနဲ့ တော်ပြီကွာ၊ ဆက်မလုပ်ချင်တော့ဘူးဆိုပြီး လက်လွတ်ပြီးတော့ နောက်ပြန်လှည့်သွားတဲ့ အနုပညာသမားတွေ ကျနော်တို့နိုင်ငံမှာ အများကြီးပဲ။
တော်ပြီး မြုပ်သွားတာတို့၊ တချို့ကျတော့ တခုလောက်လေးရရင် အဲဒီအပေါ်မှာ ယစ်မူးပြီးတော့ ငါကွ၊ငါကွ ဆိုတာကြီးက နောက်ကလေးတွေတက်လာလည်း ငါကွ လုပ်နေတုန်း။ အဲဒီလိုစိတ်တွေမဖြစ်အောင် ကျနော်တို့အရှေ့က အဲဒီလူတွေကိုကြည့်ပြီးတော့ သင်ခန်းစာတွေယူရတာပေါ့။
မေး။ ။ အနုပညာရှင်တွေနာမည်ကြီးလာရင် အများစုက Troll ခံကြရတယ်။ X Box ကိုတော့ မတွေ့ရဘူး။
ဖြေ။ ။ Troll ခံရတယ်ဆိုတာက အမှန်အတိုင်းပြောရရင်တော့ Social Media ခေတ်ကြီးမှာ အမြဲဟော့နေတာ။ အဲဒီအပေါ်မှာ ယစ်မူးတဲ့အနုပညာသမားရှိသလို လုံးဝလက်မခံတဲ့ အနုပညာသမားလည်းရှိတယ်။ ဥပမာ-ကိုစိုင်းဆိုရင် သူ့ကိုအမြဲ Troll ကျတယ်။သူကတော့ လူကြီးဖြစ်တဲ့အတွက် သူ့ကိုချစ်လို့ Troll ကြတာဖြစ်တဲ့အတွက် သူဘာမှမဖြစ်ဘူး။
ချစ်လို့ Troll ကြတာရှိသလို တချို့ကျတော့ သက်သက်ကြီးကို အမြင်ကပ်လို့ ဒီကောင်ကြီးကို ကြည့်မရလို့ဆိုတဲ့ စိတ်ကြီးနဲ့တော့ ကျနော်က အဖြစ်မခံနိုင်ဘူးလေ။ အဲဒီအတွက်လည်း ကျနော်က အနေအထိုင်ထိန်းတယ်။ ကျနော့်ရဲ့ Relationship ကြောင့်ပဲဖြစ်စေ။ ကျနော် အရင်က ကိစ္စကြီးတခုဖြစ်ခဲ့ဖူးတယ်။ အဲဒီကိစ္စကြီးကို အရမ်းဖုံးခဲ့ရတယ်ဗျာ။ အလုပ်တွေအရမ်း လုပ်ပြီးဖုံးခဲ့ရတယ်။ နောက်ပိုင်းကလေးတွေဆိုရင် ရှိကောရှိခဲ့လို့လား၊ဟုတ်လို့လားဆိုပြီး မသိကြတော့ဘူး။
အရင်ကပရိသတ်တွေ၊ စာနယ်ဇင်းတွေဆို အကုန်သိတယ်။ အဲဒီကိစ္စဖုံးဖို့အတွက် ကျနော် အလုပ်တွေ အများကြီး၊ အများကြီး ၊သီချင်းတွေအများကြီး ပေါက်အောင်လုပ်ခဲ့ရတယ်။ ကျနော်က အကြောင်းတွေ ကိုယ်တိုင်သိခဲ့ဖူးတဲ့အတွက် အရာရာကိုဖြေးဖြေးလေးနဲ့ အေးဆေးလေးနဲ့ ငြိမ်ငြိမ်လေးပဲသွားရတာကို သဘောကျတယ်။ဒါပါပဲ။
မေး။ ။ အခု Xbox က ဘယ်လိုသားသမီးမျိုးဖြစ်နေပြီလဲ။
ဖြေ။ ။ အရင်ကတော့ ကျနော်ကတော့ မိဘရဲ့မေတ္တာလည်း သိပ်နားမလည်ခဲ့ဘူး။ ငါလုပ်ရင် ငါဖြစ်တယ်ဆိုတဲ့အတွေးကြီး ဝင်ခဲ့တာဖြစ်တဲ့အတွက် အခုကျတော့ သေချာလေး စဉ်းစားပြီးတော့မှ အလုပ်လုပ်တာဖြစ်တဲ့အတွက် လူကြီးအများကြီးဆန်သွားတာပါ။