မင်းသမီး Constance Wu ဟာ နှစ်ပေါင်း ၄၄ နှစ်တာကာလအတွင်း ရွှေကမ္ဘာလုံးဆုမှာ အကောင်းဆုံး ဇာတ်ဆောင်အမျိုးသမီးအဖြစ် ဆန်ခါတင်စာရင်းမှာပါဝင်ခဲ့တဲ့ ပထမဆုံးအာရှသူဖြစ်လာခဲ့ပါတယ်။
အသက် ၃၆ နှစ်အရွယ် မင်းသမီးဟာ “Crazy Rich Asians” ရုပ်ရှင်မှာပါဝင်ခဲ့တဲ့ Rachel Wu ဇာတ်ရုပ်နဲ့ ဆုဆန်ခါတင် စာရင်းမှာပါဝင်ခဲ့တာဖြစ်ပါတယ်။ အဲဒီရုပ်ရှင်ဟာလည်း အကောင်းဆုံး ဇာတ်ကားဆု (တေးသံစုံ/ ဟာသ ဇာတ်မြူး) အတွက် လျာထားခံထားရပါတယ်။
အဲဒီရုပ်ရှင်ဒါရိုက်တာ Jon M. Chu က “ဆန်ခါတင်စာရင်းတွေဟာ သူ့ရဲ့ အနုပညာသက်တမ်းတလျှောက်မှာ ဂုဏ်အယူရဆုံးအချိန်ဖြစ်ပါတယ်” လို့ ပြောဆိုခဲ့ပါတယ်။
မင်းသမီး Wu ကတော့ တော်တော်လေးကို ပျော်ရွှင်ရပြီး အံ့သြခဲ့မိတဲ့အကြောင်း Instagram ပို့စ်မှာ ရေးသားခဲ့ပါတယ်။ CNN သတင်းဌာနရဲ့အဆိုအရ အကောင်းဆုံးဇာတ်ဆောင်အမျိုးသမီးဆုမှာ အာရှမင်းသမီးတဦး အဖြစ်ပထမဆုံး ဆန်ခါတင်စာရင်းဝင်ခဲ့သူက ‘Jesus Christ Superstar’ ရုပ်ရှင်မှာပါဝင်ခဲ့တဲ့ မင်းသမီး Yvonne Elliman ဖြစ်ပါတယ်။
မင်းသမီး Wu ဟာ သူ့အတွက်လျာထားခံရတဲ့ ဆုအမျိုးအစားမှာ အခြားမင်းသမီး လေးဦးနဲ့အတူ ယှဉ်ပြိုင်ရမှာ ဖြစ်ပေမယ့် အခုလိုမျိုး ဆန်ခါတင်စာရင်းမှာပါဝင်တာနဲ့တင် အပျော်လွန်နေပါပြီလို့လည်း ဆိုထားပါတယ်။
မင်းသမီးက “ကျမတခါမှမမြင်ဖူးလို့ အကောင်းဆုံးမင်းသမီးဆုအဖြစ်ဆန်ခါတင်ဝင်လိမ့်မယ်လို့ အိပ်မက် မမက်ခဲ့ဖူးပါဘူး။ ဒါပေမယ့် တကယ်ဖြစ်လာခဲ့ပါပြီ။ ကျမတို့ရဲ့ ရုပ်ရှင်ကို အားပေးထောက်ခံခဲ့ကြလို့ အားလုံးကို ကျေးဇူးတင်ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။
Ref: asiaone