Entertainment

“ပြီးခဲ့တဲ့ ကား၂ကားထက် Level မြင့်အောင် ကြိုးစားကြမှာပါ”

Want create site? Find Free WordPress Themes and plugins.

“ဥပါယ်တံမျဉ်” ၊ “မုဒြာခေါ်သံ” ရုပ်ရှင်ဇာတ်ကားတွေနဲ့ မြန်မာ့ရုပ်ရှင်လောကကို အပြောင်းအလဲတခုဖြစ်စေခဲ့တဲ့ ဒါရိုက်တာ ခရစ္စတီးနားခီ နဲ့ သရုပ်ဆောင်ဇဏ်ခီတို့ ၂ယောက်ရဲ့ တတိယမြောက်ရုပ်ရှင်ဇာတ်ကားကိုတော့ မကြာခင်မှာ ရိုက်ကူးသွားတော့မှာ ဖြစ်ပါတယ်။

သူတို့ ၂ဦးဖန်တီးမယ့် တတိယမြောက်ရုပ်ရှင်ဇာတ်ကားဖြစ်တဲ့ ထာဝရနှောင်ကြိုး (Now & Ever ) ကိုတော့ ယခင်က ရုပ်ရှင် ၂ကားထက် Level ပိုမြင့်အောင် ကြိုးစားကြမှာ ဖြစ်တယ်လို့ သရုပ်ဆောင် ဇဏ်ခီက ပြောပါတယ်။

“ပရိသတ်အားပေးမှုတော့ လိုအပ်တာပေါ့နော်။ ဘာလို့လဲဆိုတော့ နောက်ထပ်ကားတွေဆက်သွားဖို့ ၊ ဒီထက်မက ဘတ်ဂျက်တွေ ထပ်ထည့်နိုင်ဖို့ အဆင့်တွေပိုမြင့်လာဖို့ဆိုရင် ပရိသတ်မရှိဘဲ ဘာမှလုပ်လို့မရဘူး။ အဲဒါကြောင့် အားပေးမှုကို မျှော်လင့်ထားပါတယ်။ ဒါပေမယ့် အားပေးရတာနဲ့တန်အောင် ကျနော်တို့ အကောင်းဆုံးကြိုးစားမယ်။ ပြီးခဲ့တဲ့ ကား၂ကားထက်လည်း Level တွေ ပိုမြင့်လာအောင် ကျနော်တို့ကြိုးစားကြမှာပါ” လို့ ဇဏ်ခီက ပြောပါတယ်။

ဇဏ်ခီကတော့ ဒီကားအတွက် ကိုယ်တိုင်ဇာတ်ညွှန်းရေးသားထားရုံမက သရုပ်ဆောင်တယောက်အနေနဲ့လည်း ပါဝင်သွားမှာပဲဖြစ်ပါတယ်။

“ပထမ ၂ကားနဲ့တော့တခြားစီပေါ့။ ဒီကားက ရိုမန့်ဘက်ကို ပိုရောက်ပါတယ်။ ဒီကားကို ဇာတ်ညွှန်းရေးတော့ ၈လ တနှစ်နီးပါးလောက်ကြာတယ်။ ရေးပြီးတဲ့အချိန်မှာလည်း ဒါရိုက်တာကို ပြရတယ်။ ရေးပြီးတဲ့အချိန် Screen ပေါ်မှာ ပြန်ပြမယ့်အချိန်မှာ နည်းနည်းလေးတွေ ပြင်ရတာတွေရှိတယ်။ ရှေ့နောက်ပြန်လှည့်ရတာမျိုးတွေရှိတဲ့အခါကျတော့ တနှစ်လောက်တော့ ကြာသွားတယ်”

“ သေချာတော့အကောင်းဆုံးဖြစ်အောင် ပြင်ဆင်ထားပါတယ်။ ဇာတ်လမ်းကတော့ ပြောရမယ်ဆိုရင် အပြင်မှာကျနော်မြင်ဖူးထားတဲ့ US ကမြန်မာလင်မယားပဲ။ သူတို့နဲ့နည်းနည်းဆင်တယ်။ ဇာတ်လမ်းကိုတော့ ပြောပြလို့မရဘူး။ True Story တခုကို အခြေခံပြီးတော့ ထပ်ပွားရေးလိုက်တာပေါ့” လို့ ဇဏ်ခီက ပြောပါတယ်။

ထာဝရနှောင်ကြိုး (Now & Ever ) ကတော့ ယခင်ကရိုက်ကူးခဲ့တဲ့ ဥပါယ်တံမျဉ် နှင့် မုဒြာခေါ်သံတို့နဲ့ ကွဲထွက်ထားကာ အိမ်ထောင်ရေးတခုပေါ်အခြေခံပြီး တည်ဆောက်ထားတဲ့ ရိုမန့်ဒရမ်မာဇာတ်လမ်းမျိုးဖြစ်ပြီး သမာရိုးကျနဲ့ ကွဲထွက်နေတဲ့ အိမ်ထောင်ရေးဇာတ်လမ်းမျိုးလည်းဖြစ်တယ်လို့ သိရပါတယ်။

“သမာရိုးကျ အိမ်ထောင်ရေးဇာတ်ကားမဟုတ်ဘူး။ မထင်မှတ်ထားတဲ့ စိန်ခေါ်မှုတွေရောက်လာတဲ့အချိန်မှာ ၂ယောက်ကပြန်ပြီး Adjust လုပ်ရတာဆိုတော့ အပြင်မှာလည်း ဒီဇာတ်လမ်းထဲမှာပါတဲ့ ကိစ္စမျိုးက တော်တော်ရှား လိမ့်မယ်။ ပုံမှန်မဟုတ်တဲ့ အခြေအနေတခုမှာ ရုန်းကန်ရတဲ့ပုံစံမျိုးဆိုတော့ ပိုင်ဖြိုးသုရော ကျနော်ရော စိန်ခေါ်မှုကြီး တယ်။ ဘယ်လိုဖြစ်လာမလဲတော့ မသိသေးဘူး ကြိုးစားကြည့်ရမှာပေါ့” ဇဏ်ခီက ပြောပါတယ်။

ဒီထာဝရနှောင်ကြိုး (Now & Ever ) ရုပ်ရှင်ဇာတ်ကားကြီးကိုတော့ ဒါရိုက်တာ ခရစ္စတီးနားခီက ရိုက်ကူးမှာဖြစ်ပြီး ပါဝင်သရုပ်ဆောင်သွားမယ့် သရုပ်ဆောင်များကတော့ ဇဏ်ခီ ၊ ပိုင်ဖြိုးသု ၊ မင်းညို ၊ ဂျူးဂျူးကေ ၊ ခင်သဇင် ၊ မြင့်စိုင်းသားအောင်အောင် ၊ ရဲနောင်ချို ၊ ဇူးဇူးဟန်နီထွေးနဲ့ တခြားသောအနုပညာရှင်များက ပါဝင်သွားမှာပဲဖြစ်ပါတယ်။

ဒီရုပ်ရှင်ဇာတ်ကားကြီးကိုတော့ ယခုလအတွင်းမှစတင်ကာ ဧပြီလအထိ ၄လကျော်ကြာ ရန်ကုန် ၊ ပုဂံ ၊ ပုပ္ပား ၊ ပူတာအို ၊ ငွေဆောင်တို့မှာ ရိုက်ကူးသွားမှာဖြစ်ပြီး ၂၀၁၉ခုနှစ်မကုန်ခင်အချိန်အတွင်း ရုံတင်ပြသနိုင်အောင်လည်း ကြိုးစားသွားမှာဖြစ်တယ်လို့ ပြောပါတယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading