Entertainment

သရုပ်ဆောင်မလုပ်ချင်ဘဲ သီချင်းတွေပဲ သီဆိုချင်တဲ့ အဆိုတော်သားငယ်

သီချင်းတွေလုပ်နေတာကြောင့် ပရိသတ်တွေနဲ့ အနေဝေးနေတဲ့ အဆိုတော် သားငယ်က လက်ရှိမှာ သီချင်းအသစ် တွေ ပရိသတ်ဆီရောက်ဖို့ကြိုးစားနေတာကြောင့် ပရိသတ်တွေနဲ့ အနေဝေးနေတာလို့ ဧရာဝတီကိုဆိုပါတယ်။

“ကျနော် အခုဒုတိယခွေအတွက် ပြင်ဆင်နေတယ်။ နောက် ကိုမင်းသွေး၊ ကိုညီမင်းခိုင်တို့နဲ့ သုံးယောက်အတွဲခွေလေး လည်းလုပ်နေတယ်။ ပွင့်လင်းရာသီဆိုတော့ ပွဲလေးတွေဆိုဖြစ်တယ်။ ကျနော့်အခွေအတွက်တော့ မပြောချင်သေးဘူး။ သုံးယောက်အခွေလေးတော့ အရင်ထွက်မယ်။ ကျနော်အမြန်ဆုံးတော့ လုပ်နေတယ်။ အတိအကျသိရင်လည်း ပြန်ပြောပါ့မယ်”

“သုံးယောက်ခွေမှာက ကိုညီမင်းခိုင်ကဆိုပြီးပြီ။ ကျနော်နဲ့ ကိုမင်းသွေးပဲ ကျန်တာ။ အခုကိုမင်းသွေးမရှိတော့ ကျနော်ပဲ ကျန်တော့တာ။ အမြန်ဆုံးထွက်နိုင်အောင်လည်း ကြိုးစားနေတယ်။ ကျနော်လုပ်ချင်တာတွေလည်း များတယ်။ အွန်လိုင်းကနေလည်း သီချင်းတွေတင်ဖို့ရှိမယ်”

“သီချင်းတွေလုပ်နေတာကြောင့် ပရိသတ်တွေနဲ့ အနေဝေးနေတယ်။ ပရိသတ်ဆီကျနော့်သီချင်းလေးတွေ ပေးနိုင်အောင်ကြိုးစားနေတာကြောင့် အနေဝေးနေတာပါ။ နောက်တော့ ကျနော့်အနုပညာတွေကို တွေ့ရမှာပါ” လို့ ဆိုပါတယ်။

အဆိုပိုင်းကိုပဲ လုပ်ဖြစ်နေပြီး သရုပ်ဆောင်လုပ်ပြီး ကြော်ငြာရိုက်ကူးဖို့ အစီအစဉ်မရှိဘဲ သီချင်းပဲဆိုချင်တဲ့အတွက် သရုပ်ဆောင်မလုပ်ဖြစ်ဘူးလို့ ဆိုပါတယ်။

“ကျနော်သရုပ်ဆောင်ဖို့လည်း အစီအစဉ်မရှိပါဘူး။ ဒီလို အခြေအနေ ဒီလိုပုံစံကြီးနဲ့လည်း သရုပ်ဆောင် မလုပ်ချင်ပါ ဘူး။ ကျနော်တခါကလည်း အကူအညီတောင်းလို့သာ ကြော်ငြာသရုပ်ဆောင်ခဲ့တာ။ ကျနော်လုပ်ဖြစ်မှာတော့ မဟုတ်ပါဘူး။ သီချင်းပဲဆိုချင်တာပါ။ ကမ်းလှမ်းမယ့် လူလည်းမရှိနိုင်ပါဘူး”လို့ သားငယ် ကပြောပါတယ်။

အဆိုတော် သားငယ်ကိုတော့ Myanmar Idol Season 2 မှာ Winner ဖြစ်ခဲ့ပြီး အဲ့ဒီကနေ ပရိသတ်အားပေးမှု အများကြီးရရှိခဲ့တဲ့ အနုပညာရှင်တယောက်ဖြစ်ပါတယ်။

သားငယ်ရဲ့ ‘လမ်းကလေး’ လို့နာမည်ပေးထားတဲ့တကိုယ်တော်အခွေကတော့ ဖေဖော်ဝါရီ(၂) ရက်နေ့က ထွက်ရှိခဲ့ပါတယ်။

Loading