မကြာခင်မှာ ရိုက်ကူးတော့မယ့် ခီမောင်နှံရဲ့ Now & Ever (ထာဝရနှောင်ကြိုး) ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးမှာ ဇာတ်ကောင်တခုအနေနဲ့ ပါဝင်သွားမယ့် သရုပ်ဆောင် ခင်သဇင်ကတော့ သူ့ရဲ့အနုပညာ ခံယူချက်အနေနဲ့ Celebrity နဲ့ Artist ဆိုရင် Artist ကိုပဲရွေးချယ်သွားမယ်လို့ ပြောပါတယ်။
“ဇင်လိုချင်တဲ့ Artist တယောက်ဆိုတာ Freedom ဖြစ်ရမယ်။ ကိုယ့်ရဲ့အလုပ်ကို အကောင်းဆုံးတာဝန်ကျေအောင်ကြိုးစားရမယ်။ ပေးဆပ်ရမယ်။ အယူူချည်းပဲ မရဘူး။ ပရိသတ်ကို ပေးဆပ်ဖို့အတွက် ဒီအလုပ်လုပ်တာဖြစ်တာကြောင့် ဇင်ကတော့ ပရိသတ်ကိုပေးဖို့ပဲ ကြိုးစားပါတယ်။ Celebrity နဲ့ Artist ဆိုရင် ဇင် Artist ကိုပဲရွေးမှာပါ” လို့ ခင်သဇင်က ပြောပါတယ်။
အဆိုပါ “Now & Ever” (ထာဝရနှောင်ကြိုး) ရုပ်ရှင်ဇာတ်ကားကြီး မရိုက်ကူးခင်မှာလည်း Acting Coach အဖြစ် Mr.Thierry Bleu နဲ့ အချိန် ၂ ပတ်ခန့် သင်ကြားမှုများပြုလုပ်ရပြီး Mr. Thierry Bleu ကတော့ ခင်သဇင်ရဲ့ လွန်ခဲ့တဲ့ ၆ နှစ်ကတည်းက တွေ့ဆုံသင်ကြားပေးခဲ့တဲ့ လက်ဦးဆရာတဦးဖြစ်တယ်လို့ သိရပါတယ်။
“(၁) အချက် အနေနဲ့ ပညာအသစ်တွေရတယ်။ အိုက်တင်ပိုင်းသင်တဲ့ ဆရာကတော့ လွန်ခဲ့တဲ့ ၆ နှစ်လောက်ကတည်းက ဇင့်ရဲ့လက်ဦးဆရာပါပဲ။ အခု ၂၀၁၈ မှာ ၆ နှစ်ကြာမှ ပြန်ဆုံရတယ်ဆိုတော့ တကယ်ဝမ်းလည်း ဝမ်းသာတယ်။ ဆရာနဲ့ သင်ရတဲ့အတွက် ပိုပြီးတော့ ကိုယ့်ရဲ့ပညာကို ပြန်ပြီးနွှေးပြီးသားလည်း ဖြစ်တယ်။ ထပ်ပြီးတော့လည်း သင်ကြားရတဲ့အတွက် အများကြီးဝမ်းသာပါတယ်” လို့ ခင်သဇင်က ပြောပါတယ်။
ဒါရိုက်တာ ခရစ္စတီးနားခီနဲ့ ပထမဆုံးအကြိမ် လက်တွဲလုပ်ဆောင်ရမယ့် အပေါ်မှာလည်းအခုလိုပြောပြခဲ့ပါတယ်။
“အဓိကကတော့ ဇင့်အနေနဲ့အောင်မြင်မှုကို ရရှိဖို့ကြိုးစားတယ်ဆိုတာထက် ကိုယ်ဝါသနာပါတဲ့ အလုပ်တခုကို အကောင်းဆုံးလုပ်ပြခွင့်ရမယ်လို့ ယုံကြည်တဲ့အတွက် ဝမ်းသာတယ်။ အောင်မြင်တယ် မအောင်မြင်ဘူးဆိုတာကတော့ ပရိသတ်ရဲ့လက်ခံမှုနဲ့ ကိုယ့်ရဲ့စန်းအပေါ်မှာ မူတည်တယ်။ ဇင်ကတော့ အောင်မြင်ဖို့အတွက် ဒီကားမှာ ကြိုးစားလိုက်မယ်တို့ ငါ့အတွက် အခွင့်အရေးရဖို့အတွက် ကြိုးစားလိုက်မယ်ဆိုတဲ့ စိတ်မျိုး အလျင်းမရှိဘူး”
“ရင်ခုန်နေတာတခုက ဒီကားမှာ ကိုယ့်ဆရာ သင်ပေးသွားတဲ့အတိုင်း ကိုယ်အပေါ်မှာ ကျေနပ်မှုရှိပါ့မလားပေ့ါ။ ကိုယ့်ရဲ့အိုက်တင်က သဘာဝထက်ကိုကျော်လွန်ပြီးတော့ အိုဗာတွေဖြစ်ကုန်မှာလားဆိုတာကို ကြောက်တယ်” လို့ ခင်သဇင်ကပြောပါတယ်။
ဒီကားထဲမှာတော့ ခင်သဇင်ကို ဘယ်လိုပုံစံမျိုးနဲ့ မြင်တွေ့ရမလဲဆိုတာကိုတော့ Surprise အနေနဲ့ စောင့်ကြည့်ရမှာဖြစ်ပြီး သူ့အနေနဲ့ သဘာဝကျကျ သရုပ်ဆောင်နိုင်ဖို့အတွက် ကြိုတင်ပြင်ဆင်မှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။
“ဒီကားကတော့ ခင်သဇင် ဘယ်လိုပုံစံမျိုးနဲ့ ပေါ်လာမလဲဆိုတာကို Surprise အနေနဲ့ စောင့်ကြည့်ပါ။ ခါတိုင်းမြင်တွေ့နေတဲ့ ပုံစံမျိုး မဟုတ်တဲ့ပုံစံမျိုးနဲ့ မြင်တွေ့ရမှာပါ။ ဆရာသင်ပေးခဲ့တာတွေကိုအမြဲ လေ့ကျင့်တယ်။ မခရစ္စ ကိုယ်တိုင်ကလည်း ဆရာပေးသွားတဲ့ သင်ခန်းစာတွေကို အမြဲလေ့ကျင့်ပါ။ ရိုက်ကွင်းပေါ်ရောက်လာတော့မှ မုန့်တွေစား ၊ ရယ်စရာတွေပြော ပြီးတော့မှ ထရိုက်ဆိုရင်တော့ဘယ်လိုမှ အကောင်းဆုံး အိုက်တင်မျိုး ရလာမှာ မဟုတ်ဘူး”
“ဇင်တို့တွေလည်း အရင်ကလုပ်ခဲ့ဖူးပါတယ်။ စိတ်ပေါ့သလို လုပ်တာပေါ့လေ။ ဒီကားကတော့ ဘယ်လိုမှ စိတ်ပေါ့သလို လုပ်လို့မယ့် ဒါရိုက်တာမျိုး မဟုတ်ဘူး။ သူကိုယ်တိုင်ကိုက ဇင်တို့ဆရာနဲ့ အိုက်တင်သင်ကြားမှုတွေ လုပ်နေတဲ့အခါမှာ ထိုင်ကြည့်နေတာ။ ဆရာ့ကို ညာလို့ မရသလို ၊ ဒုတိယညာလို့ မရတာ မခရစ္စပေါ့” လို့ ခင်သဇင်က ပြောပါတယ်။