ဒီတပတ်မှာတော့ သရဲကား ပရိသတ်တွေအတွက် ကြည့်ရှုလို့ ကောင်းမယ့် ဇာတ်ကား ၂ ကားကို မိတ်ဆက်ပေးချင်ပါတယ်။ ကြည့်နေကျ သရဲကားတွေနဲ့ မတူဘဲ ခွဲထွက်နေတာကြောင့် ရသတခုကို ပေးစွမ်းနိုင်တဲ့ ဇာတ်ကားဆိုလည်း မမှားပါဘူး။ အနည်းဆုံးတော့ မပျင်းရဘဲ သင့်ကိုအဆုံးထိ ကြည့်ချင်အောင် ဆွဲဆောင်နိုင်တာကြောင့် ပြန်လည် မျှဝေပေးလိုက်ပါတယ်။
ပထမဆုံး မိတ်ဆက်ပေးချင်တာကတော့ “Savita Damodar Para” ဆိုတဲ့ ဘောလိဝုဒ်ဇာတ်ကားပါ။ သရုပ်ဆောင်တွေကတော့ ဘောလိဝုဒ်ဇာတ်ကားမှာ တွေ့နေကျသူတွေ မဟုတ်ဘူးလို့ ထင်မိပါတယ်။ ဒါပေမဲ့ ဇာတ်ကောင်တွေက လိုက်ဖက်မှု ရှိပါတယ်။ ဇာတ်လမ်း အကျဉ်းကို ပြောပြရမယ်ဆိုရင် “ရှာရတ်”ဆိုတဲ့ စာရေးဆရာ တယောက်မှာ သိပ်ကို ချောမောလှပတဲ့ ဇနီးသည်လေး တယောက် ရှိပါတယ်။
အရမ်းချစ်ကြတဲ့ ဇနီးမောင်နှံတွေ ဖြစ်ပေမယ့် ပြဿနာက ညအိပ်တဲ့ အခါတိုင်း ဇနီးသည်က ဗိုက်အောင့်တာပါပဲ။ နောက်ပိုင်းမှာ သူမရောဂါက ပိုဆိုးလာတာကြောင့် ဆရာဝန်နဲ့လည်း ပြတာတောင် ထူးခြား မလာခဲ့ဘူး။ တနေ့တော့ ရှာရတ်က သူတို့အမျိုးထဲက အာရွှတ်ခ်ဆိုတဲ့ သူငယ်လေးနဲ့ သူ့မိန်းမကို ပြကြည့်ဖို့ ဖြစ်လာပါတယ်။ အာရွှတ် နက္ခတ်ဗေဒင်တွေကို အတော်အတန်လိုက်စားဖူးတာကြောင့် သူ့မရီးရဲ့ ရောဂါဟာ အောက်လမ်းတခုခုကြောင့်ဖြစ်တယ်ဆိုတာ သိလိုက်ရပါတယ်။
တွေ့နေကျ ဘောလိဝုဒ် သရဲဇာတ်ကားတွေလို ပြူးတူးပြဲတဲ မခြောက်ပြဘဲနဲ့ သင့်ကို ရင်ခုန် စိတ်လှုပ်ရှားစေမှာပါ။ ပိုစိတ်ဝင်စားဖို့ ကောင်းတာက ရှာရတ်ရဲ့ဇနီးသည် ကိုယ်ထဲဝင်နေတဲ့ ဝိညာဉ်ရဲ့အကြောင်းပါ။ ဇာတ်လမ်းလေးက ကောင်းချင်ရဲ့သားနဲ့ နည်းနည်းလေး အဖျားရှူးသွားတာက လွဲရင် သင့်ကို စိတ်ကျေနပ်မှု ရစေနိုင်တဲ့ကားပါ။ အဆုံးသတ်ကလည်း ထင်မထားတာမျိုးလေးနဲ့ ဇာတ်သိမ်းတာကြောင့် ကြည့်ဖြစ်အောင် ကြည့်ပါ။
နောက်တကားကတော့တလောကမှ ရုံတင်သွားတဲ့ “Stree” ဆိုတဲ့ ဇာတ်ကားပါ။ မင်းသား၊ မင်းသမီးတွေက ဘောလိဝုဒ်မှာ နာမည်ရလာတဲ့ Raj Kumar Rao နဲ့ Shraddha Kapoor တို့ပဲ ဖြစ်ပါတယ်။ အရမ်းကြီး ထူးခြားကောင်းမွန်တယ်လို့ မခံစားရပေမယ့် တမျိုးဆန်းသစ်နေတဲ့ သရဲကားလို့ ပြောလို့ ရပါတယ်။ အထူးသဖြင့် ဟာသ ဇာတ်ကွက်လေးတွေနဲ့ ပရိသတ်ကို မပျင်းရအောင် ဆွဲဆောင်ထားပါတယ်။
ဇာတ်လမ်းအကျဉ်းက ဗစ်ကီတို့ နေထိုင်ရာရွာလေးမှာ “အိုဆတ္ထရီ မနက်ဖြန်မှ လာခဲ့ပါ” ဆိုတဲ့ စာတွေ အိမ်တိုင်းလိုလိုမှာ ရေးထားပါတယ်။ အထူူးသဖြင့် ပွဲတော်နေ့တွေမှာပေါ့။ အိမ်တအိမ်မှာ ဒီလိုစာရေးထားတာ ပျက်သွားပြီဆိုရင် အဲဒီအိမ်က ယောကျ်ားက ဆတ္ထရီရဲ့ခေါ်ဆောင်ခြင်းကို ခံရတော့တာပါဘဲ။ “ဆတ္ထရီ”ဆိုတာက စုန်းမတကောင်ပါ။
ယောကျာ်းတွေကိုပဲ ဖမ်းဆီခေါ်ဆောင်လေ့ ရှိတာကြောင့် ညဘက်ဆို ယောကျာ်းတွေကအပြင်မထွက်ရဲကြသလို အိမ်တံခါးကိုလည်း လုံအောင် ပိတ်ထားရတယ်။ အပြင်ထွက်ရင်လည်း မိန်းမလို ဟန်ဆောင်ပြီး ထွက်ရပါတယ်။ ဗစ်ကီကတော့ သူ့ရွာမှာ အတော်ဆုံး အပ်ချုပ်သမားတယောက်၊ ပျော်ပျော်နေတတ်တဲ့ လူငယ်တယောက်ပါ။
တနေ့ ပွဲတော်ရက်မှာ ဘယ်ကမှန်းမသိ ရောက်လာတဲ့ မိန်းမပျိုလေးကိုတွေ့ပြီး သဘောကျမိပါတယ်။ အဲဒီ ကောင်မလေးကို သူများတွေက ဆတ္ထရီလို့ ထင်လာကြတဲ့အခါ တကယ်ပဲ သူက ဆတ္ထရီလား၊ ဒါမှဟုတ် ရွာကို ဒုက္ခပေးနေတဲ့ ဆတ္ထရီကို ဘယ်လိုရှင်းထုတ်ကြမလဲ ဆိုတာ ကြည့်ရှုရမှာ ဖြစ်ပါတယ်။
ဇာတ်လမ်းက မပျင်းရအောင် ဆွဲဆောင်မှုရှိရှိ ရိုက်ပြထားပါတယ်။ အထူးသဖြင့် ဟာသရယ်၊ ဒရာမာရယ် ရောထားတာ တွေ့ရပါတယ်။ IMDB Rating (8/10) ရထားတာကြောင့် ကြည့်ကောင်းတဲ့ ဇာတ်ကားဖြစ်သလို အဆုံးသတ်မှာလည်း ပရိသတ် ထင်မထားတဲ့ အခန်းတွေလည်း ထည့်ပြထားပါတယ်။
ဒါကြောင့် ဒီဇာတ်ကား ၂ ကားကတော့ တခြားသရဲကားတွေနဲ့ မတူဘဲ ခွဲထွက်လာတဲ့ ဇာတ်ကားကောင်းတွေ ဖြစ်တာကြောင့် ကြည့်ရှုဖို့ ညွှန်းဆိုပေးလိုက်ပါတယ်။