ဒီဇင်ဘာလ ၁၄၊ ၁၅ရက်နေ့က မန္တလေးမြို့၊ အမျိုးသား ကဇာတ်ရုံမှာ ကပြဖျော်ဖြေပေးခဲ့တဲ့ “လင်္ကာဒီပချစ်သူ” ပြဇာတ်မှာ ဝတ်ဆင်ခဲ့ကြတဲ့ ဝတ်စုံများအပေါ် ဝေဖန်မှုများ ရှိနေတဲ့အတွက် အဆိုပါ ဝတ်စုံများ ဖန်တီးပေးခဲ့တဲ့ ဒီဇိုင်နာ ရှီလာကို ဧရာဝတီ သတင်းဌာနမှ အနုပညာသတင်းထောက် ချစ်ပိုးက တွေ့ဆုံ မေးမြန်းထားပါတယ်။
မေး။ ။ “လင်္ကာဒီပချစ်သူ” ပြဇာတ်မှာ ဝတ်စုံတွေ ဖန်တီးဖြစ်တဲ့ အကြောင်း ပြောပြပေးပါ။
ဖြေ။ ။ “လင်္ကာဒီပချစ်သူ” ပြဇာတ်မှာ ဝတ်စုံလေး ဖန်တီးဖြစ်တာကတော့ အရင်ကတည်းက သဘင်နဲ့ မစိမ်းတော့ စံပြသဘင် ဦးမိုးဝင်းက ပွဲကမယ့် တပတ်အလိုမှာ ဒီတာဝန်ကိုပေးတယ်ပေါ့။ နောက်ကျတာက သူတို့ ရှေ့မှာ အကြောင်းအမျိုးမျိုး ကြောင့် ဒီဇိုင်နာတွေ ရွှေ့လာခဲ့ကြတယ်နဲ့ တူတယ်။ အဲ့မှာ ကျနော်ကိုပြောတော့ လုပ်ဖြစ်တယ်ပေါ့။
ကျနော့်ကို ဒါရိုက်တာ မောင်သီကနေ “လင်္ကာဒီပချစ်သူ” ပြဇာတ် ရာမရဏ မဟုတ်ဘူး။ ဒီဘက်ခေတ်ရဲ့ ပြဇာတ်ပုံစံမျိုးနဲ့ ပြချင်တာ။ ဖန်တီးပေးဖြစ်တာကတော့ လူမင်း၊ တိုင်ရွန်၊ ဟန်ဇာမိုးဝင်း၊ ဦးမိုးဝင်း၊ ခါရာ၊ မေတ္တာမြင့်မြတ်ဟိန်းတို့ကို ချုပ်ဖြစ်တယ်။ နောက် ဝတ်မှုံရွှေရည်ပေါ့။ သူကတော့ ကျနော့် ဝတ်စုံကို မဝတ်ဖြစ်ဘူးပေါ့။ သူ့ ဒီဇိုင်နာက စီစဉ်ပေးထားတော့ ဝတ်ဖြစ်သွားတယ်ပေါ့။
မေး။ ။ ဝတ်စုံတွေချုပ်ဖို့ ဘယ်လိုတွေ လေ့လာခဲ့ရလဲ။
ဖြေ။ ။ ကျနော်တို့ ဇာတ်လမ်း၊ ဇာတ်ညွှန်းတွေကို ဘာမှ မသိဘူး။ လင်္ကာဒီပချစ်သူ စာအုပ်တော့ ငယ်ငယ်တုန်းက ဖတ်ဖူးတယ်။ သို့သော်လည်း သူတို့လုပ်မယ့် ပုံပန်းတွေကို ဘာမှမသိရဘူး။ ဦးမိုးဝင်းက အကူအညီတောင်းလာတော့ ကျနော်လုပ်ကိုင် ဖြစ်တယ်။ ကျနော်အချိန် ၅ ရက်ရတယ်။ ၅ ရက်အချိန်အတွင်းမှာ ကျနော် ဇာတ်ကောင်တွေကို အားချင်းပဲ အွန်လိုင်းကနေ သူငယ်ချင်းတွေလည်း မေးတယ်။ ရာမာရဏကတော့ ဘာရောင် သုံးချင်တယ်ပဲပြောတာ။
ပေးလိုက်တာကလည်း ဒီလို ဒီဇိုင်းမျိုး၊ ဒီပုံစံချုပ်မယ်လို့ ပြောတာ မဟုတ်ဘူး။ ကျနော်တို့ စိတ်ကူးပုံဖော်နိုင်အောင် စိတ်ကူးယဉ်နိုင်အောင် စိတ်ကို ထည့်ပေးလိုက်တာ။ ရာမရဏ ဇာတ်တော်ကြီး မဟုတ်တဲ့အတွက် ပိုးတွေ၊ ဖဲတွေ မလိုချင်ဘူး။ ဘော်ကြယ်တွေ မထိုးချင်ဘူး။ ခေတ်နဲ့လည်း အညီဖြစ်အောင် လုပ်ချင်တယ်။ အမိုက်စားတော့ တီထွင်မှဖြစ်မယ်လို့ တာဝန်ပေးလိုက်တယ်။
ပေးလိုက်တဲ့ အပေးမှာ ကျနော်က ဒီ ၅ ရက် အတွင်းမှာ ထိုင်ဖတ်ရမယ့် အချိန်လည်း မရှိတော့ဘူးလေ။ သူတို့က ပုံတွေပေးပြီး လုပ်ခိုင်းတယ်ဆိုရင်လည်း ကျနော့်အတွက် ပြဿနာသိပ်မရှိဘူးလေ။ အခုက ကိုယ့်ရဲ့စိတ်ကူး သူတို့လိုချင်တာကို ဖန်တီးရတဲ့ အခါမှာတော့ အများကြီး မလေ့လာရတာ ရိုးသားစွာ ဝန်ခံပါရစေ။
မေး။ ။ ဝတ်စုံတွေကို ဝေဖန်နေကြတဲ့အပေါ် ဘာများပြောချင်ပါသလဲ။
ဖြေ။ ။ ကျနော် အခုချုပ်ထားတဲ့ ဝတ်စုံတွေက ကျနော့် ရင်ထဲကနေ လာတာ။ ကျနော့် ရင်ထဲကနေလာတာကိုပဲ ဖန်တီးခဲ့တာ။ ကျနော် တရုတ်ကားတွေ၊ ကိုရီးယားကားတွေ၊ Disney ကားတွေ ကြည့်နေရချိန်လည်း မရှိဘူး။ တိုက်ဆိုင်သွားတာကတော့ ကျနော်လည်း မတတ်နိုင်ဘူးပေါ့နော်။ ပရိသတ်ကတော့ ပြောမှာပဲ။ ပြောတဲ့ ပရိသတ်ကိုလည်း ကျေးဇူးတင်ပါတယ်။
ပရိသတ်တွေကိုတော့ အဘက်ဘက်ကနေ ဒါက မလှဘူး။ ဒါက လှတယ်တော့ မြင်မှာပဲ။ ကျနော်တို့ ဒီဝတ်စုံ ဖန်တီးကတည်းက ကျနော် ဝေဖန်ခံရမယ်။ အပြောခံရမယ်လို့ သိပြီးသား။ ဒီလိုဝေဖန်တာက မြန်မာလူထုရဲ့ အရိုးစွဲနေတဲ့ ပုံပန်းသဏ္ဍာန် ဖြစ်သွားပြီ။ အဲ့တော့ ကျနော်သည် ဒီလိုပြောခံရမယ်တော့ သိတယ်။ အဲ့အတွက် ကိုယ့်ပညာနဲ့ ကိုယ်လုပ်တာဖြစ်တဲ့အတွက် သူတို့ပြောတဲ့အပေါ်မှာ နာခြင်းတို့ စိတ်ဆိုးခြင်း၊ စိတ်တိုခြင်း မရှိပါဘူး။
မေး။ ။ “ဝတ္ထုကို ဖျက်ဆီးတယ်”လို့ပြောနေကြတဲ့အပေါ် ဘာများပြောချင်လဲ။
ဖြေ။ ။ ကျနော် ဒီဇိုင်းတွေ ဆွဲရင် Sketch ဆွဲလေ့ မရှိပါဘူး။ ၁၅ နှစ်သားလောက်ကတည်းက စက်ချုပ်လာတာ အသက်လည်း ၄၀ ကျော်ပြီ။ ကိုယ်ဖန်တီးချင်တာကို လက်တွေ့ပဲ ဖန်တီးခဲ့တယ်။ ဒီသဘင်ပညာနဲ့လည်း သိပ်မစိမ်းဘူး။ အဲ့အတွက် ပြောနေကြတဲ့ အပေါ်မှာ ကျနော် ဘာစိတ်ခံစားချက်မှတော့ မရှိဘူး။ ဝတ္ထုကို ဖျက်ဆီးတယ်လို့မြင်ရင်လည်း မြင်လို့ရပါတယ်။ ခေတ်လူငယ်တွေက ခေတ်အမြင်နဲ့ လုပ်ရမှာ ဖြစ်တဲ့အတွက် ကျနော်တို့က ပွဲစီသူတွေ ဒါရိုက်တာတွေက ပုံဖော်ဖို့ လိုချင်တာရအောင် ဖန်တီးပေးရမှာ ကျနော့် တာဝန်ပါ။ အဲ့အတွက် ကျနော့်ကို ပြောလည်း ခံရမှာပါပဲ။
မေး။ ။ အနုပညာရှင်တွေနဲ့ ဒါရိုက်တာကရော ဒီဝတ်စုံပေါ်မှာ ဝေဖန်တာတွေရော ရှိသေးလား။
ဖြေ။ ။ ဝတ်စုံတွေကို ဒါရိုက်တာကရော အနုပညာရှင်တွေကလည်း သဘောကျတယ်။ ကိုလူမင်းလည်း အရမ်း သဘောကျတယ်။ အခုလိုင်းပေါ်မှာသာ ဝေဖန်ပြစ်တင်ခံပြီး လူတိုင်းဆဲဆိုခံနေရတာပါ။ လာကြည့်တဲ့သူတွေ အနေနဲ့ တော်တော်လေး ကြိုက်ပါတယ်။ “အရမ်း မိုက်ပါတယ်”လို့ ပြောခံနေရတာ။ အမျိုးသားကဇာတ်ရုံမှာ ရုံပြည့်ဖို့ခဲယဉ်းပါတယ်တဲ့။ ဒါပေမဲ့ ကျနော်တို့ ၂ ရက် ကတာ ၂ ရက် ရုံပြည့်ခဲ့တယ်။ အားလုံးက ကြိုက်တယ်၊ ကောင်းတယ်လို့ ပြောကြတယ်။ ။