စာဖတ်သူသာ မနက်အိပ်ရာနိုးတိုင်း မတူတဲ့ခန္ဓာကိုယ်တွေ ပြောင်းလဲနေမယ်ဆိုရင် ဘယ်လို ခံစားရမလဲ။ ကိုယ့်ရဲ့မူရင်း ပုံသဏ္ဍာန် အစစ်အမှန်က ဘာလဲဆိုတာတောင် မသိဘဲ ခန္ဓာကိုယ်တွေနဲ့ ဖြတ်ကျော်လာရတဲ့အခါ ဘယ်လိုအဖြစ်အပျက်တွေ ဖြစ်လာနိုင်မလဲ။
“Every Day” ဇာတ်လမ်းလေးကတော့ နေ့တိုင်း မတူညီတဲ့ ကိုယ်ခန္ဓာတွေ ပြောင်းလဲနေတဲ့ A ဆိုသူနဲ့ A ကို ချစ်မိသွားတဲ့ ကောင်မလေးတယောက်အကြောင်းကို အခြေခံ ရိုက်ကူးထားတာပါ။
အရောင်းရဆုံး စာရေးဆရာစာရင်းဝင် David Levithan ရဲ့ ဝတ္ထုကို ရိုက်ကူးထားတဲ့ “Every Day” ဇာတ်ကားဟာ ဆယ်ကျော်သက် လူငယ် အချစ်ဇာတ်လမ်း ဖြစ်ပြီး နေ့တိုင်း ကိုယ်ခန္ဓာမျိုးစုံ ပြောင်းလဲသွားတဲ့ A ကို မထင်မှတ်ဘဲ ချစ်မိသွားရာက အစပြုပါတယ်။
နေ့တိုင်း မတူညီတဲ့ စရိုက်အမျိုးမျိုး ပြောင်းလဲနေရာကနေ သူဝင်ရောက်ခဲ့တဲ့ ခန္ဓာကိုယ်ပိုင်ရှင်ရဲ့ ချစ်သူ ရီအာနွန်က A ကို စွဲလမ်းသွားခဲ့ပါတယ်။ တရက်တာ ရီအန်နွန်ရဲ့ချစ်သူ ဂျက်စတင်းဖြစ်ခဲ့တုန်းက သူမဖြစ်ချင်တဲ့ ဆန္ဒတွေကို အတူဖြည့်ပေးခဲ့ပြီး သီချင်းတွေ အတူတူအော်ဆိုရင်း တရက်တာကို ကမ်းခြေမှာ ဖြတ်သန်းခဲ့ကြတဲ့ A ကို သဘောကျခဲ့တာပါ။
နောက်ရက် A က တခြားပုံစံ ပြောင်းလဲသွားချိန်မှာ အရင်က ဂျက်စတင်း ပြန်ဖြစ်သွားပြီး ပြုမူပုံတွေက မတူတော့တာကို သတိထားမိပြီး ရီအာနွန်တယောက် မနေ့က ဂျက်စတင်းကိုပဲ ပြန်ရှာဖွေ နေမိပါတယ်။
တပတ်အကြာမှာ ရီအာနွန်ဟာ ဂျက်စတင်းဖြစ်ခဲ့ဖူးတဲ့ A နဲ့အပြုအမူတူသူ တယောက်ကို သတိထားမိပေမယ့် သူသိခဲ့တဲ့သူနဲ့ လုံးဝ မတူတော့ဘဲ အသားအရောင်၊ ကိုယ်ခန္ဓာပုံစံကအစ လုံးဝကွဲပြားနေတာကို သတိထားလိုက်မိပါတယ်။
ဒီလို ရှုပ်ထွေးနေတဲ့ အခြေအနေကနေ A ကို ရီအာနွန် ဘယ်လိုကြိုစား ရှာဖွေဖော်ထုတ်မလဲ။ နောက်ပြီး သူချစ်မိခဲ့တဲ့ A က ပုံစံအမျိုးမျိုး ပြောင်းလဲနေသူဆိုတာကို လက်ခံနိုင်ပါ့မလား ဒီဇာတ်လမ်းမှာ အဖြေရှာကြည့်လိုက်ပါ။
တခြား ဇာတ်လမ်းတွေနဲ့ မတူ ခွဲထွက်ပြီး ရသတမျိုးဖြစ်အောင် ပုံဖော်ထားတဲ့ “Every Day” အချစ်ဇာတ်ကားကို ဒါရိုက်တာ Michael Sucsy ရိုက်ကူးထားပြီး ရီအာနွန်အဖြစ် သြစတေးလျမင်းသမီး Angourie Rice နဲ့ တွဲဖက်သရုပ်ဆောင်များစွာက A အဖြစ် ကူညီအားဖြည့်ပေးထားပါတယ်။
၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီ ၂၂ ရက်က ဖြန့်ချိခဲ့ပြီး Box Office မှာ ၉ ဒဿမ ၆ သန်းကျော် ဝင်ငွေရှိခဲ့ပါတယ်။
Ref: Hollywood Reporter