Beauty Blogger တယောက်အနေနဲ့ ခြေလှမ်းစတင်လာခဲ့တဲ့ နေခြည်ဦးကတော့ ယခုနောက်ပိုင်းမှာ သရုပ်ဆောင်အလုပ်ကိုပါ တွဲဖက်လုပ်ကိုင်လာခဲ့ပြီး သူ့ရဲ့ကိုယ်ပိုင်အချိန်တွေနည်းပါးလာခဲ့တာကြောင့် အချစ်ရေးတောင်နားထားတယ်လို့ နေခြည်ဦးကပြောပါတယ်။
“အားလပ်ချိန်မရှိတော့လို့ အချစ်ရေးတောင်နားထားတာ။ ကိုယ့်ရဲ့အားလပ်ချိန်တွေအကုန်လုံးကို ကိုယ်လုပ်ချင်တဲ့အလုပ်တွေထဲမှာ ထည့်ထားတယ်။ နေခြည်လည်း စဉ်းစားတယ်။ အသက် ၃၀လောက်ကျရင် နေခြည့်ကို ဘယ်သူကကြည့်ချင်တော့မှာလဲနော်”
“ အသက် ၃၀ မိန်းကလေးတယောက်ဖြစ်တဲ့အတွက် မိတ်ကပ်ကလည်း အရမ်းလိမ်းလို့ရတော့မှာ မဟုတ်ဘူးလေ။ ပရိသတ်ကလည်း ရိုးသွားမယ်။ နေခြည်ကိုယ်တိုင်ကလည်း အလှအပနဲ့ ပတ်သက်တဲ့စီးပွားရေးကို ပိုလုပ်ချင်တယ်။ သရုပ်ဆောင်တာကကျတော့ပိုပြီးတော့ ထပ်တိုးလို့ရမလားပေါ့။ အသက် ၃၀ကျော်ရင်” လို့နေခြည်ဦးက ပြောပါတယ်။
အချစ်ရေးနဲ့ပတ်သက်ပြီး မကြာခင်အချိန်က ၁နှစ်ကျော်တွဲခဲ့တဲ့ ရည်းစားဖြစ်သူလမ်းခွဲခဲ့ပြီး သူမကို ရည်းစားများတယ်ဆိုတဲ့ ဝေဖန်မှုများလည်းရှိနေခဲ့ပါတယ်။
“အချစ်ရေးမှာ ၁ ကနေပြန်စဖို့က သိပ်ခက်တာ။ ငယ်ငယ်တုန်းကဆို အရမ်းအဆင်ပြေတယ်။ ကျူရှင်တက်ရင် ကောင်လေးက သကြားလုံးပေးရင်ကို ကြိုက်နေပြီ။ အခုကျတော့ အသက်အရွယ်တခုရောက်လာတဲ့အခါမှာ ကိုယ့်မိသားစုအကြောင်း၊ ကိုယ့်ရဲ့လုပ်ငန်းတွေအကြောင်း ပြန်ရှင်းပြဖို့က သုညကနေစဖို့က အရမ်းခက်သွားပြီ”
“နောက်တယောက်တွေ့ခဲ့ရင် တန်းများယူဖြစ်မလားမသိဘူး။ သူ့အကြောင်းလည်း ကိုယ်မသိချင်တော့ဘူး။ ကိုယ့်အကြောင်းလည်း သူမသိချင်တော့ဘူးဆိုတော့။ ဒီအသက်အရွယ်မှာ ဒီအလုပ်လုပ်နေတဲ့ မိန်းကလေး တယောက်အနေနဲ့ အချစ်ရေးက အားနည်းတာ မဆန်းဘူးလို့ထင်တယ်။” လို့နေခြည်ဦးက ပြောပါတယ်။
Blogger အလုပ်နဲ့စတင်ခဲ့ပေမယ့် သရုပ်ဆောင်အလုပ်ကိုပါ လုပ်ကိုင်နေရတဲ့အတွက် အားလပ်ချိန်ဆိုတာတွေ ကိုလည်း ဝါသနာပါရာအလုပ်ကို လုပ်နေတာကြောင့် အခုချိန်မှာ အောင်မြင်ချင်တဲ့အမျိုးသမီးတယောက်အနေနဲ့သာ ရပ်တည်ချင်နေပြီး အချစ်ရေးကိုတော့ အခြေကျတဲ့အချိန်မှသာ စဉ်းစားဖြစ်မယ်လို့ ဆိုပါတယ်။
“နေခြည်အတွက် လက်တွဲဖော်ဆိုတာကို ရွေးဖို့မစဉ်းစားမိဘူး။ အိမ်ထောင်ပြုဖို့အတွက်က အသက် ၄၀လောက်ကျရင် လုပ်ရင်လုပ်မှာပေါ့နော်။ ဒီအသက်အရွယ်မှာက အောင်မြင်ချင်တယ်။ စီးပွားရေးနေရာတနေရာ ရချင်တဲ့အချိန်မှာ ယောင်္ကျားတယောက်ဆီက ဘာမှမမျှော်မှန်းဘူး။ ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်မယ်”
“လုပ်ငန်းအကြီးကြီးလုပ်ချင်ရင်တောင် ကိုယ့်အဖေက ထောက်ပံ့ပေးဖို့အသင့်ရှိတယ်။ ယောင်္ကျားတယောက်ဆီမှာ နေခြည်လိုချင်တာက အချစ်ရယ် နားလည်မှုရယ် သစ္စာရှိမှုရယ်ပဲလိုချင်တယ်။ ကိုယ်တကယ်အောင်မြင်ပြီး အခြေကျတဲ့အချိန်ကျရင်တော့ ချစ်သူရှာမယ်။ ကိုယ်လိုချင်တာ အချစ်ပဲဖြစ်တဲ့အတွက် အချစ်ပေးနိုင်တဲ့ ယောင်္ကျားမျိုးဆို နေခြည်နဲ့ ပိုအဆင်ပြေပါတယ်” လို့ ပြောပါတယ်။
နေခြည်ဦးကတော့ သရုပ်ဆောင်အလုပ်အနေနဲ့ စတင်ခဲ့တဲ့ ရန်သူရုပ်ရှင်ကားကြီးကိုတော့ လတ်တလောရုံတင်ပြသ လျက်ရှိပြီး ထပ်မံပြီးတော့လည်း သူငယ်ချင်းဖြစ်သူ တိုင်ရွန်နဲ့အတူ ရုပ်ရှင်ကားကြီးရိုက်ဖို့အတွက်ရှိတယ်လို့ သိရပါတယ်။
“သူငယ်ချင်းနဲ့ အဲဒီလိုတူတူရိုက်ရမယ်ဆိုပြီး မစဉ်းစားဖူးဘူး။ သူကလည်း အရင်ကမော်ဒယ်လုပ်တယ်။ ကိုယ်က Blogger လုပ်တယ်။ အခုကျတော့ သူရောကိုယ်ရော ရုပ်ရှင်ရိုက်နေပြီဆိုတော့ အခုမခိုင်လေးနဲ့ရိုက်ရမယ့်ကားမှာ တိုင်ရွန်က နေခြည့်ရဲ့ယောင်္ကျားလုပ်ရမှာ။ ဟာသကားလည်းဖြစ်တဲ့အတွက် သူငယ်ချင်းနဲ့ရိုက်ရမှာဖြစ်လို့ အရမ်းပျော်နေပါတယ်” လို့ နေခြည်ဦးကပြောပါတယ်။
တိုင်ရွန်နဲ့တွဲဖက်သရုပ်ဆောင်မယ့် ရုပ်ရှင်ဇာတ်ကားကြီးမှာတော့ အဓိကသရုပ်ဆောင်အနေနဲ့ ခိုင်သင်းကြည် ၊ နေခြည်ဦး နှင့်တိုင်ရွန်တို့က အဓိကသရုပ်ဆောင်ထားပြီး ဒီဇင်ဘာ ၂၆ရက်နေ့မှာ စတင်ရိုက်ကူးသွားမှာဖြစ်တယ်လို့ သိရပါတယ်။