Entertainment

Music Video တွေမှာ ပိန်ပိန်လေးဖြစ်ချင်လို့ ဝိတ်ချခဲ့တဲ့ အဆိုတော် AR-T

မြူးမြူးကြွကြွ အကတွေနဲ့ သီချင်းတွေကို သီဆိုတတ်တဲ့ အဆိုတော် AR-T က “Moving Colours” ဆိုတဲ့ Music Video အခွေ ထွက်ရှိလာပြီး အနုပညာရှင် တယောက် အတွက် အခွေတခွေက မှတ်တိုင်တခုဖြစ်တာကြောင့် နောက်ထပ် အခွေတွေ ထွက်နေဦးမယ်လို့ ဆိုပါတယ်။

“ဒီအခွေမှာ သီချင်း ပုံစံတွေရော၊ သီချင်းတင်ပြပုံတွေရော၊ အကရော အားလုံးကို အများ ကြီးပြောင်းလဲအောင် ကြိုးစားထားတယ်။ အဲဒါကြောင့် Moving Colors လို့ပေးဖြစ်တာပါ။ ကျနော် အရင်တုန်းကဆို ကျနော် ဝိတ်ချခဲ့တဲ့အကြောင်းရင်းက ဒီ Music Video တွေမှာ ပိန်ပိန်လေးဖြစ်ချင်လို့ပါ။ ဒီခွေအတွက် Music Video ရိုက်တုန်းကဆို ကျနော်အခု လက်ရှိ ခန္ဓာကိုယ်ထက်တောင် ပိန်သေးတယ်”လို့ AR-T က ပြောပါတယ်။

“ကျနော့်ရဲ့ Moving Colors Music Video ကို ဒီဇင်ဘာလ၂၃ရက်နေ့က ထွက်ပါတယ်။ ဒီခွေထဲမှာ Music Video ၁၄ ပုဒ် ထည့်ထားပါတယ်။ အခွေထဲမှာတော့ သီချင်းတွေရော Presentation တွေရော အကပိုင်းတွေရော အများကြီး ပြောင်းလဲအောင် ကြိုးစားထားတယ်။ ဒီအခွေကတော့ ကျနော့်ရဲ့ ‘လွင်ပြင်’ ထဲကသီချင်းတွေ ရယ် ‘Fat House’ ထဲကသီချင်း တွေ၊ Collection လုပ်ပြီး မြူးဇစ်ဗီဒီယို လုပ်ထားတဲ့ အခွေလေးပါ”လို့ AR-T က ဆိုပါတယ်။

အခုနောက်ပိုင်းမှာ ဆိုရှယ်မီဒီယာများပေါ်မှာပဲ သီချင်းတွေ တင်ကြပြီး သီချင်းခွေ ထွက်ရှိလာမှုနည်းတဲ့အပေါ်ကိုလည်း AR-T က သူရဲ့ အမြင်ကို အခုလို ဆိုပါတယ်။

“ဆိုရှယ်မီဒီယာ ဘယ်လောက်ပဲ ခေတ်စားခေတ်စား အနုပညာသမားတယောက်အတွက် အခွေတခွေက မှတ်တိုင်တခုပါ။ အဲ့တွက် ဘယ်လိုပဲဖြစ်ဖြစ် နောက်ပိုင်းလည်း ကျနော်က အခွေ ထုတ်နေဦးမှာပဲ။ ဆိုရှယ်မီဒီယာက တဆင့် ပရိသတ်ဆီ ပျံ့နှံ့ တာကြောင့် အရင် ထွက်ခဲ့တဲ့ အခွေတွေနဲ့ မတူချင်လို့ ပရိုမိုးရှင်းပွဲ မလုပ်ဖြစ်တာပါ”လို့ AR-T က ပြောပါတယ်။

ဒီအခွေကို ငွေကြေး အမြတ်အစွန်းတွေကြည့်ပြီး လုံးဝမတွက်ဘဲ ကြိုးစားထားကြောင်း အနုပညာအမြတ်ကိုသာ လိုချင်တဲ့အတွက် အကောင်းဆုံးကြိုးစားထားကြောင်း AR-T က ပြောပါတယ်။

‘‘သီချင်းတွေအားလုံးကို ပြန်တီးထားတယ်။ အဝတ်အစားကိုလည်း သေချာလုပ်ထားတယ်။ ခရီးတွေလည်း သွားတယ်။ ထုတ်လုပ်ရေးအဖွဲ့နဲ့လည်း ရန်တွေဖြစ် ရတယ်။ ခေတ်က မကောင်းပေမယ့် အကောင်းဆုံး ကြိုးစားထားတယ်။ ဒီခွေရဲ့ ထူးခြားချက်ကတော့ ကျနော်တို့ရဲ့ အနုပညာ မောင်နှမတွေ မေတ္တာနဲ့ ပါဝင်ကူညီခြင်းပါပဲ”

“ထိတ်ထိတ်ကြဲ အနုပညာရှင်တွေက သူတို့ အနုပညာအားထုတ်မှုတွေကို အနုပညာကြေးတပြားမှ မယူဘဲနဲ့ ကူညီပေးခဲ့ကြတာပါ။ အခွေကို ဖိလစ်ပိုင် ဒါရိုက်တာ Milos ကရိုက်ကူး ထားပြီး အောင်ရဲလင်း၊ ဝတ်မှုံရွှေရည်၊ ဖွေးဖွေး၊ သင်ဇာဝင့်ကျော်၊ အလင်းရောင်၊ နေခြည်ဦး၊ ထူးအောင်၊ Kaew Korravee၊ Charlie၊ ဟန်လေး၊ J Naw၊ Bella၊ မေတိုးခိုင်၊ ထက်ဦးထွဋ်၊ မင်းသွေးခန့်နှင့် အခြား သရုပ်ဆောင်များစွာက မေတ္တာနဲ့ ကူညီ သရုပ်ဆောင်ပေးထားပါတယ်”လို့ AR-T က ပြောပါတယ်။

“အခွေထဲမှာတော့ အချစ်သီချင်းတွေ သီချင်း မြူးမြူးလေးတွေ ပြီးတော့ သီချင်းအသစ်တွေကိုစွဲဆောင်မှုရှိတဲ့ အလန်းစားရိုက်ချက်တွေနဲ့ ဖန်တီးထားပါတယ်။ အင်္ဂလိပ်သီချင်း ၄ ပုဒ် ကိုထည့်ထားပါတယ်။ ဒီအခွေလေးကို ငွေကြေး အမြတ်အစွန်းတွေကြည့်ပြီး လုံးဝ မတွက်ဘဲ ကြိုးစားထားပါတယ်။ ကျနော် အနုပညာအမြတ်ပဲ လိုချင်တဲ့အတွက် အကောင်းဆုံးကြိုးစားထားတယ်’’လို့လည်း AR-T က ဆိုပါတယ်။

အဆိုတော် AR-T ကတော့ “Fat House”” ၊ “ချိုချဉ် လွင်ပြင်”၊ Moving Colors” စတဲ့ တေးစီးရီးများ ထွက်ရှိထားပါတယ်။

Loading