တောင်ကိုရီးယား အမျိုးသမီး အဆိုတော်အဖွဲ့တခုဖြစ်တဲ့ Blackpink ရဲ့ ဂီတဗီဒီယိုသီချင်းတပုဒ်ဟာ ၂၀၁၉ ခုနှစ်အတွင်းမှာ လူကြည့်အများဆုံး ဖြစ်လာခဲ့ပါတယ်။
သူတို့အဖွဲ့ရဲ့ “Ddu-du Ddu-du” သီချင်း ဂီတဗီဒီယိုဟာ အခုနှစ်အတွင်း Youtube မှာ အကြိမ်ပေါင်း ၅၅၂ သန်း ကြည့်ရှုခဲ့ကြပြီး ဖြစ်တယ်လို့ The Korea Herald မီဒီယာက ဆိုပါတယ်။ Youtube ကုမ္ပဏီရဲ့အဆိုအရ အဲဒီ ဗီဒီယိုကို ကြည့်ရှုသူတွေရဲ့ ၉၄ ရာခိုင်နှုန်းဟာ တောင်ကိုရီးယားနိုင်ငံ ပြင်ပကနေ ကြည့်ရှုခဲ့ကြတာ ဖြစ်တဲ့အတွက် Kpop ဟာ ကမ္ဘာတဝန်းမှာ နာမည်ကျော်ကြားလာတယ်ဆိုတာကို ပြနေတယ်လို့ သိရပါတယ်။
BTS အဖွဲ့ကတော့ သူတို့ရဲ့ “Fake Love,” “Mic Drop” နဲ့ “Idol” သီချင်းတွေဟာ နံပါတ် ၂၊ ၃ နဲ့ ၄ နေရာတို့မှာ ရှိနေခဲ့ပါတယ်။ အမျိုးသမီး အဆိုတော်အဖွဲ့တခုဖြစ်တဲ့ Momoland ရဲ့ “BBoom Bboom” ကတော့ လူအကြည့်အများဆုံး Kpop ဂီတဗီဒီယိုစာရင်းမှာ နံပါတ် ၅ နေရာကနေ ရပ်တည်နေပါတယ်။
Forbes မဂ္ဂဇင်းရဲ့အဆိုအရ “Ddu-du Ddu-du” သီချင်းဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလမှ ကြည့်ရှုသည့်အကြိမ် သန်း ၅၀၀ ကိုရောက်ရှိခဲ့တယ်လို့ သိရပါတယ်။ အဲဒီ ဂီတဗီဒီယိုဟာ လူကြည့်အများဆုံး Kpop ဗီဒီယိုစာရင်းမှာ နံပါတ် ၅ နေရာမှာ ရှိနေပြီး သူ့အထက်မှာ ရှိနေတာက PSY ရဲ့ သီချင်း ၃ ပုဒ်နဲ့ BTS ရဲ့ သီချင်းတပုဒ်တို့ ဖြစ်ကြပါတယ်။
“Ddu-du Ddu-Du” သီချင်းဟာ Blackpink အဖွဲ့ရဲ့ ပြီးခဲ့တဲ့ ဇွန်လမှာ ထွက်ရှိခဲ့တဲ့ Square Up အယ်လ်ဘမ်ထဲက သီချင်းဖြစ်ပါတယ်။ အဲဒီ့သီချင်းကြောင့်ပဲ Billboard Hot 100 ဇယားမှာ အမြင့်ဆုံးနေရာကို ရရှိခဲ့တဲ့ Kpop အမျိုးသမီးအဖွဲ့တခု ဖြစ်လာစေခဲ့ပါတယ်။
သူတို့အဖွဲ့ဟာ အခုလအတွင်းမှာပဲ “Blackpink in Your Area” ဆိုတဲ့ ဂျပန်အယ်လ်ဘမ်ကို ဖြန်ချိခဲ့ပါတယ်။ အဲဒီ အယ်လ်ဘမ်ထဲမှာ ဂျပန်ဘာသာနဲ့ သီဆိုထားတဲ့ “Ddu-du Ddu-du” သီချင်းနဲ့ အခြား Single သီချင်းတွေ ပါဝင်ပါတယ်။ Blackpink အဖွဲ့ကို ၂၀၁၆ ခုနှစ်မှာ ဖွဲ့စည်းခဲ့တာဖြစ်ပြီး အဖွဲ့ဝင် ၄ ဦး ပါရှိပါတယ်။
Ref: upi