အနုပညာရှင် သူငယ်ချင်းနှစ်ဦးဖြစ်တဲ့ တိုင်ရွန်နဲ့ နေခြည်ဦးတို့ကတော့ ရုပ်ရှင်ဇာတ်ကားကြီးတကားမှာ လင်မယားပုံစံနဲ့ အတူတွဲဖက် သရုပ်ဆောင်ဖို့ ရှိတယ်လို့ တိုင်ရွန်က ပြောပါတယ်။
“နေခြည်ဦးနဲ့ ကိုဇော်(အရုဏ်ဦး) ရိုက်တဲ့ ရုပ်ရှင်ဇာတ်ကား ရိုက်ဖို့ ရှိပါတယ်။ ဇာတ်လမ်းအနေနဲ့ကတော့ ကျနော်က အရက်မူးပြီးတော့ သောင်းကျန်းတဲ့ ယောကျာ်းတယောက် ၊ သူ့ကို နှိပ်စက်တယ်။ ရိုက်တယ်။ နေခြည်ဦးနဲ့က လင်မယားပါ။ ဟာသပုံစံ ဇာတ်ကားလေးပေါ့။ အမူးပြေလာရင် ပြန်တောင်းပန်တယ်။ အဲဒီလိုဇာတ်ကားလေးပေါ့” လို့ တိုင်ရွန်က ပြောပါတယ်။
အဆိုပါရုပ်ရှင် ဇာတ်ကားကိုတော့ ကိုဇော်(အရုဏ်ဦး) က ရိုက်ကူးမှာဖြစ်ပြီး ဇာတ်ကားနာမည်ကိုတော့ မသိရသေးဘဲ အဓိက သရုပ်ဆောင်များအနေနဲ့ ခိုင်သင်းကြည်၊ နေခြည်ဦး၊ တိုင်ရွန်တို့က ပါဝင်သွားမယ်လို့ သိရပါတယ်။
နေခြည်ဦးနဲ့ အပြင်မှာ ခင်မင်ကြပေမယ့် ရိုက်ကူးရေးအနေနဲ့ ဒီရုပ်ရှင်ဇာတ်ကားဟာ ပထမဆုံးဖြစ်ပြီး နေခြည်ဦး သရုပ်ဆောင်တဲ့အပေါ်မှာ တိုင်ရွန်ရဲ့ အမြင်ကိုလည်း အခုလိုပြောပြခဲ့ပါတယ်။
“သူနဲ့က ပထမဆုံး ရိုက်ကူးရေး ဆုံတာပေါ့။ သူငယ်ချင်းအသစ်တွေ အတူတူကြိုးစားနေတဲ့အချိန်မှာ ပျော်ဖို့ကောင်းတာပေါ့။ အတူတူ ကြိုးစားကြမယ်။ ဇာတ်ကားတင်ရင် အတူတူသွားကြည့်ကြမယ်။ အားရတယ်။ “ရန်သူ”ကားမှာလည်း ကားရိုက် အတွေ့အကြုံ မရှိပေမယ့် အကောင်းဆုံး လုပ်နိုင်ခဲ့တယ်လို့ ယုံကြည်တယ်။ နောက်ထပ် တကား လာဦးမယ်။ ဆရာ ညွှန့်မြန်မာညီညီအောင်ကားပဲ။ အဲဒီကားတကား ကျန်ဦးမယ်ဆိုတော့ ဂုဏ်ယူပါတယ် သူ့အတွက်”လို့ တိုင်ရွန်က ပြောပါတယ်။
သရုပ်ဆောင်တယောက်အနေနဲ့ ခြေလှမ် းစတင်ကာစသာ ရှိသေးတဲ့ နေခြည်ဦးကို တိုင်ရွန်ရဲ့က ဘယ်လိုအကြံပေး ဖြစ်လဲဆိုတာကိုတော့ “အကြံပေးတာတော့ ကျနော်လည်း အသစ်ပါပဲ။ အရမ်းတတ်တာတော့ မဟုတ်ဘူး။ ရိုက်ကွင်းပေါ်မှာ ထားရမယ့် စိတ်နေပုံစံမျိုး။ ခေါင်းထဲမှာ သိပ်မထားဘဲနဲ့ လုပ်ပေါ့။ သူကျွမ်းကျင်တဲ့ နယ်ပယ် မဟုတ်တဲ့အတွက် စိတ်ထားရမယ့်ပုံစံကို ပြောပြဖြစ်တာပေါ့”လို့ ပြောပါတယ်။
မကြာသေးမီက မန္တလေးမြို့မှာ ကပြဖျော်ဖြေခဲ့တဲ့ ဆရာချစ်ဦးညိုရဲ့ “လင်္ကာဒီပချစ်သူ” ပြဇာတ်နဲ့ ပတ်သက်ပြီး တိုင်ရွန်ဝတ်ဆင်ခဲ့တဲ့ ဖိနပ်နဲ့ ပတ်သက်ပြီးတော့လည်း ဝေဖန်မှုများစွာခံခဲ့ရပါတယ်။
“ဖိနပ်ကတော့ ကျနော့်အမှားပါ။ ပထမရက်မှာ ကျနော့်ရဲ့ဖိနပ်က ဆိုဒ်ကြီးတဲ့အခါကျတော့ အဲဒီထဲမှာက ဖိုက်တင်ချရတော့ ဖိနပ်က ဝတ်လိုက်ရင် ကျွတ်ကျွတ်ထွက်နေတော့ ချက်ချင်းရှိတဲ့ဆိုင်ကနေ ဝယ်ပြီးတော့ စီစဉ်လိုက်ရတာပါ။ တမင်ရည်ရွယ်တာမျိုး မဟုတ်ဘူး။ မတတ်နိုင်တဲ့အဆုံး ဖြစ်သွားတာပါ”လို့ တိုင်ရွန်က ပြောပါတယ်။
ဝေဖန်မှုများအတွက် စိတ်မကောင်းဖြစ်မိပြီးတော့ ဒီပြဇာတ်ကတော့ သူ့ရဲ့ပထမကပြတဲ့ ပြဇာတ်တာကြောင့် အကောင်းဆုံးကြိုးစား ကပြခဲ့ပါတယ်လို့ ဆိုပါတယ်။
“ကျနော်က အဲဒီစာအုပ် ပရိသတ်ဗျ။ အခုလိုပြန်ကြားရတဲ့အတွက် စိတ်တော့ မကောင်းဘူး။ ဒါပေမဲ့ ကျနော်တို့ ဆိုးတူကောင်းဖက် ကျနော်တို့ ကြိုးစားခဲ့ကြတယ်။ တတ်နိုင်တဲ့ ဘတ်ဂျက်လေးပေါ်မှာ လုပ်ချင်တဲ့စိတ်တခုထဲမှာ ပရိုဂျူဆာကလည်း အရှုံးခံပြီးတော့ ကပြဖျော်ဖြေခဲ့တယ်။ နိုင်ငံခြားကလို ပြဇာတ်ပုံစံမျိုးတွေ လုပ်ချင်တယ်။ ဒါပေမဲ့ အဲဒီလိုလုပ်မယ်ဆိုရင် ဝတ်စုံတစုံကို အနည်းဆုံး သိန်း ၃၀ ၊ ၄၀ ကုန်ကျမှာဖြစ်တဲ့အတွက် လုပ်ပြနိုင်တဲ့အတိုင်းအတာ တခုအထိပဲ လုပ်ပြနိုင်ခဲ့တာပါ” လို့ တိုင်ရွန်က ပြောပါတယ်။
တိုင်ရွန်ကတော့ မော်ဒယ်တယောက်အနေနဲ့ အနုပညာလောကထဲကို စတင်ဝင်ရောက်လာခဲ့ပြီး ယခုနောက်ပိုင်းမှာတော့ သရုပ်ဆောင်တယောက်အနေနဲ့ လုပ်ကိုင်နေပြီပဲဖြစ်ပါတယ်။