တေးသံရှင် ခိုင်ထူးရဲ့ သီချင်းများဖြင့် အမှတ်တရ သီဆိုဖျော်ဖြေ တင်ဆက်မယ့် “တေးမြုံငှက် အိမ်အလွမ်း”လို့ အမည်ပေးထားတဲ့ ပွဲကို အဖေဖြစ်သူ တေးသံရှင် ခိုင်ထူးအား မမေ့အောင် အမှတ်တရပွဲအဖြစ် လုပ်ပေးတာလို့ သားဖြစ်သူ ဆိုင်းလင်းထူးက ပြောပါတယ်။
“အဓိကက ပရိသတ်က အဖေ့ကို မမေ့အောင်လို့ ဒီပွဲကိုလုပ်တာပါ။ အဖေ့အတွက်၊ ပရိသတ်အတွက်နဲ့ ဒီပွဲကို မှတ်မှတ်ရရ ဖြစ်စေချင်ပါတယ်။ ဘာသီချင်းဆိုမှာလဲ ဆိုတာကတော့ ပြောလို့ မရသေးပါဘူး။ ဒီပွဲလုပ်ရတဲ့အတွက် ပျော်ပါတယ်။ ကျနော်ကတော့ အကုန်လုံးကို လာခဲ့ဖို့ လေးလေးစားစား ဖိတ်ခေါ်ချင်ပါတယ်။ အဖေ့အတွက် အမှတ်တရဖြစ်ဖို့အတွက် အကုန်လုံးကို ဖိတ်ခေါ်ပါတယ်”လို့ ဆိုင်းလင်းထူးက ပြောပါတယ်။
အဆိုပါ ဖျော်ဖြေပွဲမှာတော့ ဆိုင်းလင်းထူးအနေနဲ့ ဖခင်ဖြစ်သူရဲ့သီချင်းတပုဒ်ကို သီဆိုဖျော်ဖြေသွားမှာဖြစ်ပြီး ဘယ်သီချင်းဆိုမယ်ဆိုတာကိုတော့ မပြောသေးဘဲ လျို့ဝှက်ထားဦးမယ်လို့ သိရပါတယ်။
“ဘာသီချင်းဆိုမှာလဲ ဆိုတာကတော့ ပြောပြလို့ မရသေးလို့ပါ။ တပုဒ်တော့ ဆိုဖြစ်ပါမယ်။ အဲဒီသီချင်းမှာ တီးလုံးရယ် စာသားလေးတွေရယ်ကို ကြိုက်လို့ ဆိုဖြစ်တာပါ” လို့ ဆိုင်းလင်းထူးက ပြောပါတယ်။
ဖခင်ဖြစ်သူ တေးသံရှင် ခိုင်ထူးရဲ့တေးသီချင်းများကိုတော့ ဆိုင်းလင်းထူးနာမည်နဲ့ ဂီတအစည်းအရုံးမှာ မူပိုင်ခွင့် ပြုလုပ်ပေးထားပြီး ဆိုင်းလင်းထူးကတော့ ဖခင်ရဲ့သီချင်းတွေကို လုပ်ဖို့အတွက်ကိုတော့ မစဉ်းစားရသေးဘူးလို့ သိရပါတယ်။
“အဖေ့သီချင်းတွေ လုပ်ဖို့အတွက်က မစဉ်းစားရသေးပါဘူး။ အဓိကက ကျောင်းပဲအရင်လုပ်ဖြစ်နေတယ်။ နောက်မှပေါ့ အဲဒါကတော့။ ကျနော်က သီချင်းဆိုတာကတော့ အဖေ့လောက် မဖြစ်နိုင်ပေမယ့် သီချင်းနားထောင်တာ ဂစ်တာတီးရတာကို ဝါသနာပါတယ်” လို့ ဆိုင်းလင်းထူးက ပြောပါတယ်။
ဆိုင်းလင်းထူးကတော့ မိခင်ဖြစ်သူနဲ့အတူ အသက် ၁၂နှစ်အရွယ်ကတည်းက ဆွီဒင်နိုင်ငံမှာ သွားရောက် နေထိုင်ခဲ့တာ ဖြစ်ပြီး ဖခင်ဖြစ်သူ သေဆုံးခဲ့စဉ်က ပြန်လာခွင့် မရခဲ့တဲ့အတွက် စိတ်မကောင်းဖြစ်ခဲ့ရတယ်လို့လည်း ပြောပါတယ်။
“အဲဒီအချိန်တုန်းက အရမ်းအရေးကြီးတဲ့ စာမေးပွဲ ရှိနေတယ်။ ပြီးတော့ ပြန်လာဖို့အတွက် ဗီဇာကလည်း အရမ်းခက်တယ်ဆိုတော့ မြန်မာပြည်ပြန်လာလို့ မရခဲ့ဘူး။ အဖေ မဆုံးခင်တော့ အဖေနဲ့ ဖုန်းပြောဖြစ်တယ်။ အဲဒီတုန်းကဆိုရင် အရမ်းစိတ်မကောင်းဘူး။ စာမေးပွဲလည်းရှိတော့ ဘယ်ဟာကို Focus လုပ်ရမှန်း မသိတော့ဘူး။ အမေက ဘေးနားမှာနေပြီးတော့ စကားတွေပြောပေးတော့မှ အေးအေးဆေးဆေးနေသွားနိုင်တာ”လို့ ဆိုင်းလင်းထူးက ပြောပါတယ်။
ဆိုင်းလင်းထူးကတော့ ဆွီဒင်နိုင်ငံမှာ Website Design ကျောင်းနောက်ဆုံးနှစ် တက်နေပြီး နောက်ထပ်လည်း ကျောင်းဆက်တက်သွားဖို့ရှိတယ်လို့ သိရပါတယ်။