တေးသံရှင် ခိုင်ထူးအတွက် အမှတ်တရ ဖျော်ဖြေမယ့် “တေးမြုံငှက် အိမ်အလွမ်း” အမှတ်တရ ဖျော်ဖြေပွဲမှာ တေးသံရှင် ခိုင်ထူးရဲ့သီချင်းများကို အဆိုတော်များက ပြန်လည် သီဆိုတဲ့အခါ ပုံစံတူလိုက်ဆိုမှာ မဟုတ်ဘဲ အမှတ်တရ ဖြစ်ဖို့သာ သီဆိုကြမယ်လို့ အဆိုတော်တူးတူးက ပြောပါတယ်။
“တခြားသူတွေအနေနဲ့လည်း ကိုခိုင်ထူး သီချင်းတွေကို သူတို့ ခံစားချက်နဲ့ အကောင်းဆုံးဆိုမှာပါ။ ပုံစံတော့ တူချင်မှ တူမှာပေါ့နော်။ ဒါပေမဲ့ ဒီအဆိုတော်တွေ အကုန်လုံးက သူဆိုသလို တူအောင် လိုက်ဆိုမှာ မဟုတ်ဘူးလေ။ ကိုခိုင်ထူး ပုံစံတူ ပြိုင်ပွဲ မဟုတ်ဘူးလေ။ သူ့ကို အမှတ်တရဖြစ်အောင် လုပ်တဲ့ပွဲ ဆိုတော့ ကိုယ့်ပုံစံ၊ ကိုယ့်ခံစားချက်နဲ့ အကောင်းဆုံး သီဆိုကြမှာပါ”လို့ တူးတူးက ပြောပါတယ်။
ဒီပွဲမှာတော့ ခိုင်ထူးရဲ့တေးသီချင်းများကို အမျိုးသားတေးသံရှင်များက သီချင်း ၃ ပုဒ် ၊ အမျိုးသမီးတေးသံရှင်များ သီချင်း ၂ ပုဒ်စီနဲ့ ခိုင်ထူးရဲ့သားဖြစ်သူ ဆိုင်းလင်းထူးက သီချင်း ၁ပုဒ်နဲ့ ပါဝင် သီဆိုဖျော်ဖြေသွားမယ်လို့ သိရပါတယ်။
“၁၉၈၀ ပြည့်နှစ်ကျော်ကျော်က သီချင်းပေါ့။ ကျနော်ပြန်ဆိုမယ့် ပထမဆုံးတပုဒ်က “မိုးရဲရင် ဆောင်းရဲရမယ်”ဆိုတာက ၁၉၈၀ ပြည့်နှစ် လောက်မှာ ထွက်ခဲ့တာ။ အဲဒီထဲကမှ ကျနော်အဆိုတော် မဖြစ်ခင် ပရိသတ်တွေ အများကြီးရှေ့မှာ စဆိုခဲ့တဲ့သီချင်းလေးကို ရွေးထားလိုက်တာ။ ‘လေကုန်ရေခမ်း’ဆိုတဲ့ သီချင်းလေး။ နောက်၂ ပုဒ်ကတော့ ၁၉၈၆ ခုနှစ် ၊ ၁၉၈၇ ခုနှစ်လောက်က ထွက်ခဲ့တာ။ ၁၉၈၀ ပြည့် နဲ့ ၁၉၉၀ ပြည့် ကြားက သီချင်းတွေပေါ့။ အဲဒါတွေကိုတော့ စင်ပေါ်ရောက်မှ နားထောင်ကြပါ” လို့ တူးတူးက ပြောပါတယ်။
“တေးမြုံငှက် အိမ်အလွမ်း” ဖျော်ဖြေပွဲကို ဒီဇင်ဘာလ ၂၉ ရက်နေ့၊ ရန်ကုန်မြို့အမျိုးသားကဇာတ်ရုံမှာ ပြုလုပ်သွားမှာဖြစ်ပြီး ကိုင်ဇာ၊ ဂျေမောင်မောင်၊ တူးတူး၊ ချစ်ကောင်း၊ ဖြိုးကြီး၊ ဟဲလေး၊ ဖြိုးမြတ်အောင်၊ မေခလာ၊ ဟေမာနေဝင်း၊ မီမီဝင်းဖေ၊ ချောစုခင်၊ သီရိဂျေမောင်မောင်၊ ချမ်းမြေ့မောင်ချိုနဲ့ တေးသံရှင် ခိုင်ထူးရဲ့ သားဖြစ်သူ ဆိုင်းလင်းထူးတို့က သီဆိုဖျော်ဖြေသွားမှာ ဖြစ်ပါတယ်။
တူးတူးကတော့ သူ့ရဲ့ကိုယ်ပိုင်သီချင်းဟောင်းများကို အသစ်ပြန်လည် တီးခတ်သီဆိုပြီး အခွေအနေနဲ့ ပြန်ထုတ်ဖို့အတွက် စီစဉ်နေတယ်လို့ သိရပါတယ်။
“အခုလည်းသီချင်းတွေ ဆိုနေပါတယ်။ ရှေ့ဆက်ပြီးတော့လည်း ဆိုသွားမှာပါ။ လောလောဆယ် အခွေလေးတခု လွန်ခဲ့တဲ့ ၂နှစ် ၃နှစ်လောက်ကတည်းက ထွက်ဖို့ စီစဉ်တာပါ။ ဒါပေမဲ့ အခုထိ မစဖြစ်သေးဘူး။ ပထမတော့ သီချင်းအသစ်လေးတွေ ထုတ်ဖို့ပဲ။ ဒါပေမဲ့ ပြန်စဉ်းစားတော့ ပရိသတ်နဲ့ အရင်ဆုံး ပြန်ရင်းနှီးအောင်လို့ သီချင်းဟောင်းလေးတွေကိုပဲ ပြန်တီးပြန်ဆိုဖို့အတွက် အရင်လုပ်မယ်လို့ စဉ်းစားထားပါတယ်”လို့ တူးတူးက ပြောပါတယ်။