တခေတ်တခါက နာမည်ကြီးခဲ့တဲ့ ဂီတတီးဝိုင်းများမှာ လိဒ်ဂီတာ တီးခတ်ခဲ့သူ လိဒ်ဂီတာပညာရှင် ဦးပက်ထရစ်ကတော့ ယနေ့ခေတ် အဆိုတော်များက အဆိုတော်ကြီးများရဲ့ တေးသီချင်းများကို သီဆိုတဲ့အခါမှာ မူရင်းသီချင်းကို မလေ့လာကြဘူးလို့ ဧရာဝတီကို ပြောပါတယ်။
“သီချင်းတွေကတော့ ဘယ်သူမဆို ပြန်ဆိုကြတာပါပဲ။ ခိုင်ထူး ကိုယ်တိုင်လည်း တချို့ ဘိုဘိုဟန်ဆိုတဲ့ သီချင်းတွေ ၊ ကံ့ကော်တော မျိုးအောင်ရဲ့သီချင်းတွေဖြစ်တဲ့ ၁၉၇၆ ခုနှစ်က သီချင်းတွေကို ပြန်ဆိုခဲ့တယ်။ တခုပဲရှိတာက ပြန်ဆိုကြတဲ့အခါမှာ မူရင်းသီချင်းအနှစ်သာရ ဘယ်လောက်ရှိလဲဆိုတာကို သတိထားဖို့လိုပါတယ်။ အဲဒါလေးသိထားပြီးမှ အနှစ်သာရကို မပျက်အောင် ထိန်းပြီးတော့ ကိုယ်ဆိုတတ်တဲ့ဟန်လေးနဲ့ဆိုရမှာပါ”
“စတိုင်တွေထည့်လို့ မရပါဘူး။ ဒါကတော့ ထုံးစံပါပဲ။ Cover ပြန်ဆိုတဲ့အခါမှာ မူရင်းသီချင်းကို မလေ့လာဘူး။ မူရင်းသီချင်းရဲ့ ဖရိန်ကို မလေ့လာဘဲ တင်လိုက်တဲ့အခါမှာ အဲဒီသီချင်းရဲ့ ပရိသတ်တွေနဲ့ အဆင်မပြေဖြစ်ကြတာပေါ့” လို့ ဦးပက်ထရစ်က ပြောပါတယ်။
ပရိသတ် အခိုင်အမာ ရရှိပြီးသား သီချင်းများကို ပြန်လည်သီဆိုတဲ့အခါမှာတော့ ပိုပြီးတော့ ဂရုစိုက်ရမှာဖြစ်ပြီး သူတို့ကိုယ်တိုင်ပင် အရင်ကဖန်တီးခဲ့လို့ အောင်မြင်ခဲ့တဲ့သီချင်းများကို ပြန်လည်တီးခတ်တဲ့အခါမှာ ဂရုစိုက်ရတယ်လို့ ဦးပက်ထရစ်က ပြောပါတယ်။
“သီချင်းတွေကတော့ ဒီလိုပါပဲ။ ဂီတရေစီးကြောင်းကလည်း တချိန်လုံးပြောင်းနေတာပဲဆိုတော့ ဒီလိုပဲပြန်ဆိုကြမှာပါပဲ။ ပြန်ဆိုမယ့်သူတွေအနေနဲ့ သတိထားရမှာပဲ ရှိပါတယ်။ ပရိသတ်အခိုင်အမာ ရှိထားတဲ့ သီချင်းမျိုးကို ပြန်ဆိုကြတဲ့ အခါကျတော့ ဂရုစိုက်ရမှာ။ ကျနော်တို့ကိုယ်တိုင်တောင်မှ ကိုယ်တီးထားတာကို ပြန်တီးတာတောင် ဂရုစိုက်ရပါတယ်”
“အဲဒီအခါကျရင် ပညာရပ်ဆိုင်ရာတွေ အများကြီးကို ထပ်တွေ့လာတာပေါ့လေ။ အခက်အခဲတွေလည်း တွေ့လာရတာတွေကို ဖြေရှင်းပေးရတာပေါ့” လို့ ဦးပက်ထရစ်က ပြောပါတယ်။
ပြန်ဆိုတေးတွေကို အဆိုတော်အသစ်တွေ ပြန်ဆိုတဲ့အခါမှာတော့ ပိုပြီးသင်ပေးရပြီး သင်ပေးတာကို နားထောင် ရင်တော့ သူတို့အတွက် ပညာအများကြီးရရှိမှာဖြစ်တယ်လို့ ဆိုပါတယ်။
မကြာင်မှာလည်း တေးသံရှင် ခိုင်ထူးရဲ့ သီချင်းများကို အမှတ်တရအဖြစ် အဆိုတော်များက ပြန်လည်သီဆို ဖျော်ဖြေသွားမှာဖြစ်ပြီး အဲဒီအတွက်လည်း သီချင်းများပြန်လည် သီဆိုတဲ့အခါမှာ ဂိုက်လိုင်းပေးနေတယ်လို့ သိရပါတယ်။
“အဆိုတော် အသစ်လေးတွေကိုတော့ ပိုသင်ပေးရတာပေါ့။ တခုပဲ ရှိတယ်။ အသစ်ကလေးတွေက သင်ပေးတာကို နားထောင်ရင်တော့ ပိုကောင်းတာပေါ့။ သင်ပေးရင် သူတို့အတွက် ပညာရတာပေါ့။ ခိုင်ထူးနဲ့ အသစ်ကလေးတွေနဲ့ဆိုရင်တော့ မြေးအဘိုးလောက် ကွာသွားတယ်။ ဒီကလေးတွေက ကိုခိုင်ထူးရဲ့အကြောင်းကိုလည်း မသိသလို ကိုခိုင်ထူးရဲ့ အနုပညာမာန်ကိုလည်း မသိဘူး။ အဲဒါတွေကို သိရမယ်”လို့ ဦးပက်ထရစ်က ပြောပါတယ်။
ဂီတပညာရှင် ဦးပက်ထရစ်အနေနဲ့ တေးသံရှင် ထူးအိမ်သင်နဲ့ ခိုင်ထူးတို့ရဲ့ သီချင်းများကို သူတို့ကိုယ်တိုင်ဆိုတာ မဟုတ်ပါက မတီးပေးဘူးဆိုပြီး ဆုံးဖြတ်ထားသော်လည်း ယခုပြုလုပ်မယ့်ပွဲကတော့ ခိုင်ထူးအတွက် အမှတ်တရပွဲဖြစ်တာကြောင့် ဝင်ရောက် တီးခတ်ပေးခြင်းဖြစ်တယ်လို့ သိရပါတယ်။