ဒီနေ့ ညွှန်းဆိုပေးမယ့် ရုပ်ရှင်ကတော့ ဟင်ဒီစကားပြော အချစ်၊ ဒရာမာ၊ သဘာဝဘေးအန္တရာယ် အခြေပြုရုပ်ရှင်ဖြစ်ပြီး မင်းသား Abhishek Kapoor က ရိုက်ကူးပေးထားတဲ့ “Kedarnath” ရုပ်ရှင် ဖြစ်ပါတယ်။ မင်းသားSushant Singh Rajput နဲ့ တက်သစ်စ မင်းသမီး Sara Ali Khan တို့ကခေါင်းဆောင်အဖြစ် ပါဝင်ထားကြပါတယ်။
အိန္ဒိယနိုင်ငံမြောက်ပိုင်း၊ ဟိမဝန္တာတောင်တန်းနားမှာရှိတဲ့ Uttarakhand ပြည်နယ်က သမိုင်းဝင် Kedarnath ဘုရားကျောင်း တည်ရှိရာ သာသနာ့နယ်မြေမှာ နေထိုင်တဲ့ ဟိန္ဒူမိန်းကလေးနဲ့ မွတ်ဆလင်ကောင်လေးတို့ အကြားက ဘာသာခြားတဲ့ ချစ်ခြင်းမေတ္တာနဲ့ အတူ လူ့အသက်ပေါင်းများစွာ ပေးဆပ်လိုက်ရတဲ့ သဘာဝဘေးအန္တရာယ်ကို ကြုံတွေ့လိုက်ရပေမယ့် အချစ်ကိုအရင်းတည်လို့ အသက်စွန့် ကယ်ဆယ်ခဲ့တဲ့ ချစ်သူအကြောင်း ဇာတ်အိမ်တည် ရိုက်ကူးထားပါတယ်။
ဒီရုပ်ရှင်ကို ဒီဇင်ဘာ ၇ ရက်မှာ စတင်ဖြန့်ချိခဲ့ပြီး အကောင်း၊ အဆိုး ဝေဖန်မှုတွေနဲ့ ကြုံတွေ့ခဲ့ရပါတယ်။ မင်းသား Khan ရဲ့ ဒါရိုက်တာအဖြစ် ပထမဆုံး ပွဲဦးထွက်ရိုက်ကူးမှုဖြစ်တာကြောင့် အများရဲ့ ချီးကျူးမှုကို ခံခဲ့ရပါတယ်။
တကယ့်ဖြစ်ရပ်မှန်ကို အခြေခံထားတဲ့ ရုပ်ရှင်ဖြစ်တဲ့အတွက် ပရိသတ်စိတ်ဝင်စားမှုကို ခံခဲ့ရသလို Kedarnath ရဲ့ အထွတ်အမြတ် နေရာတခုမှာ မင်းသားနဲ့ မင်းသမီးရဲ့ အနမ်းဇာတ်ဝင်ခန်းကြောင့်လည်း ဝေဖန်မှုတွေကို ခံခဲ့ရပါတယ်။
အရှင်သီဝရဲ့ မြတ်ဌာနတခုတဲ့ “Kedarnath” ဘုရားကျောင်းဟာ တနှစ်မှာ ၆ လ ပိတ်ပြီး ၆ လဖွင့်တဲ့ ဘုရားပွဲတော်ကိုလည်း ကျင်းပလေ့ ရှိပါတယ်။ ပွဲတော်ကာလ ၆ လအတွင်းမှာ အိန္ဒိယနိုင်ငံတဝန်းက အရှင်သီဝကို ယုံကြည်ကိုးကွယ်သူတွေဟာ အဲဒီဘုရားကျောင်းကိုလာပြီး ဝတ်ပြုဆုတောင်းကြပါတယ်။
အသက်အရွယ်ကြီးရင့်သူတွေက တောင်တန်းထူတဲ့ လမ်းမျိုးဖြစ်တဲ့အတွက် လမ်းမလျှောက်နိုင်တာကြောင့် မြည်းလိုမျိုး၊ အထမ်းသမားလိုမျိုး အကူအညီကို ယူရပါတယ်။ Mansoor ဆိုတဲ့ ကောင်လေးဟာ အထမ်းသမားလေး တဦးပါ။ ဆင်းရဲချို့တဲ့ပေမယ့် စေတနာ မချို့တဲ့သူ ဖြစ်ပါတယ်။
မွတ်ဆလင်ဖြစ်လို့ ထမ်းဖို့ငြင်းဆန်ခဲ့တဲ့ အဖွားအိုတဦးကတောင် Mansoor ရဲ့စေတနာကောင်းမှုကြောင့် ဘုရားကျောင်းကို အန္တရာယ်ကင်းကင်း ရောက်လို့ ကျေးဇူးတင်ကြောင်းပြောရတာ တဖွဖွပါပဲ။
အဲဒီ နယ်မြေမှာပဲနေထိုင်တဲ့ ဟိန္ဒူမိန်းကလေး Mukkiu ကတော့ ဂေါပကလူကြီးရဲ့သမီးဖြစ်တာကြောင့် စည်းကမ်းတင်းကြပ်တဲ့ အဖေ့ရဲ့ လက်အောက်မှာ နေထိုင်ရတဲ့အပြင် မကြာခင် လက်ထပ်ရတော့မယ့် သူကလည်း အဆင်သင့် ရှိပြီးသားပါ။ ဒါပေမယ့် လွတ်လပ်မှုကို လိုလားတဲ့ အဲဒီ မိန်းကလေးဟာ မကြာမီမှာပဲ Mansoor နဲ့ ဆုံကြပါတော့တယ်။
သဘောထားဖြူစင်တဲ့ မွတ်ဆလင် ကောင်လေးနဲ့ ပြတ်သားတဲ့ မိန်းကလေးတဦးတို့ဟာ အစပိုင်းမှာ မနည်းရင်းနှီးအောင် နေခဲ့ကြရပေမယ့် တခုသော ကာလတခုမှာတော့ သူတို့နှစ်ဦးဟာ ချစ်ကြိုး သွယ်မိကြပါတယ်။ ဒါပေမယ့် Mukkiu ရဲ့ ညီမဖြစ်သူက တဖြည်းဖြည်း မူပျက်နေတဲ့ အစ်မဖြစ်သူကို မသင်္ကာဖြစ်ပြီး နောက်ယောက်ခံ စုံစမ်းရာကနေ အစ်မဖြစ်သူ ရည်းစားရနေပြီဆိုတာကို သိလိုက်ရပါတယ်။
အစ်မ ချစ်သူကလည်း ဘာသာ မတူတဲ့သူ ဖြစ်နေတာသူတို့အတွက် ကံဆိုးမှုတွေကို ဆောင်ကြဉ်းလာတယ်လို့ ယူဆခဲ့ပါတယ်။ အဲဒီကနေ သဘောထားတင်းမာတဲ့ ဖခင်ကြီးကိုယ်တိုင် သိရှိသွားခဲ့ပြီးတဲ့နောက် ချစ်သူနှစ်ဦးရဲ့ အခြေအနေက နီးရက်နဲ့ ဝေးခဲ့ကြပါတယ်။
ဖခင်ကြီးရဲ့ အမိန့်အရ မိန်းကလေး Mukkiu ဟာ မချစ်ခင်မနှစ်သက်တဲ့သူနဲ့ မဖြစ်မနေလက်ထပ်ရဖို့ ဖြစ်လာပါတယ်။ လက်ထပ်ပွဲ ကျင်းပခဲ့ပြီးပေမယ့် ကိုယ် မချစ်တဲ့သူရဲ့ ရင်ခွင်ထဲမှာ မနေလိုတဲ့ မိန်းကလေးဟာ ဘရိတ်ဓားနဲ့ လက်ကောက်ဝတ်ကို လှီးပြီး ကိုယ့်ကိုယ်ကို အဆုံးစီရင်ခဲ့ပါတယ်။ ဒါပေမယ့် အသက်မီရုံလေး ကယ်တင်နိုင်ခဲ့တဲ့အပြင် ဘယ်လိုပြောပြမရတဲ့ မိဘအသိုက်အဝန်းကြောင်း ချစ်ရသူ Mansoor နဲ့ ထာဝရဝေးကြရဖို့ ဖြစ်လာပါတယ်။
အဲဒီအချိန်မှာ မိန်းကလေး Mukkiu ရဲ့ ကျိန်ဆိုမှုတွေကြောင့် သာယာအေးချမ်းနေတဲ့ အဲဒီဒေသလေးကို မကောင်းမှုတွေ ဆောင်ကြဉ်းလာပါတော့တယ်။ ဘယ်သူမှ ထင်မှတ်မထားတဲ့ ရေကြီးမှုနဲ့ ကြုံတွေ့ရခဲ့ပြီး မိခင်နဲ့ ညီမဖြစ်သူကိုလည်း ဆုံးရှုံးလိုက်ရတဲ့အပြင် ပတ်ဝန်းကျင်မှာလည်း သွေးပျက်ဖွယ် မြင်ကွင်းတွေနဲ့ ကြုံလိုက်ရပါတယ်။ နောက်ဆုံး ကိုးကွယ်ရာ အရှင်သီဝသာ ရှိတော့တာကြောင့် Kedarnath ဘုရားကျောင်းထဲဝင်ပြီး ပုန်းခိုရပါတော့တယ်။
အဲဒီ နယ်မြေကနေ နှင်ထုတ်ခံလိုက်ရတဲ့ မွတ်ဆလင်မိသားစုက ရေကြီးမှုကနေ လွတ်ကင်းခဲ့ပေမယ့် ရေကြီးမှုကို ကြုံနေရတဲ့ ချစ်သူကို ကယ်တင်ဖို့ Mansoor တယောက် “Kedarnath” ဘုရားကျောင်းမှာ aရာက်လာပါ့မလားဆိုတာ ဇာတ်လမ်းကို ကြည့်ရှုနိုင်ပါတယ်။ ကြာချိန် ၁၁၆ မိနစ်ရှိပြီး တကယ့်ကိုပဲ လှပတဲ့ရှုခင်းတွေ၊ သည်းထိတ်ရင်ဖို ဖြစ်ရပ်တွေ၊ ရင်နင့်ဖွယ်ရာ ဇာတ်ဝင်ခန်းတွေနဲ့ အဆုံးအထိ ပရိသတ်ကို ဆွဲခေါ်သွားမှာပါ။