မိသားစုဆိုတာ လူတိုင်းရဲ့ ဘဝမှာ အရေးအကြီးဆုံး အရာပါ။ ကိုယ်ချစ်ရတဲ့ မိသားစု၊ ချစ်ရသူတွေနဲ့ အချိန်ဖြုန်းခြင်းဟာ စိတ်ချမ်းသားခြင်းကို နှစ်ဆမြင့်တင်ပေးတယ်လို့ စိတ်ကျန်းမာရေး ဆရာဝန်တွေက ဆိုပါတယ်။ ဂိမ်းကစားခြင်း၊ အပန်းဖြေခရီးထွက်ခြင်းတွေ ပြုလုပ်သလိုပဲ ရုပ်ရှင်ကြည့်အတူတူ ကြည့်ခြင်းဟာလည်း မိသားစုဝင်တွေကြားနွေးထွေးမှုကို ပေးပါတယ်။
ဒီဇင်ဘာ အားလပ်ရက်မှာ မိသားစုနဲ့ အတူတူ ရုပ်ရှင်ကြည့်ရင်း အချိန်ဖြုန်းချင်သူတွေအတွက် ကြည့်ရှုသင့်တဲ့ ဇာတ်ကားတွေကို ဖော်ပြပေးချင်ပါတယ်။
(၁) Patch Adams
ဒေါက်တာ Adams ဟာ အခြားဆရာဝန်တွေနဲ့ မတူပါဘူး။ သူက ကလေးတွေနဲ့ အတူတူ ဆော့ကစားပြီး ဖျားနာနေတဲ့ ကလေးတွေကို ရယ်မောအောင် ပြုလုပ်တာက ကလေးတွေရဲ့ ကျန်းမာရေး အခြေအနေကို တိုးတက်စေတယ်လို့ ထင်တာကြောင့် ကလေးတွေနဲ့ အနီးကပ်နေပြီး ပြုစုပေးခဲ့ပါတယ်။ ဒီနူးနူးညံံ့ညံ့နေတဲ့ ဆရာဝန်ရဲ့ အကြောင်းကို ကြည့်မိရင် သင်ကိုယ်တိုင်လည်း သင့်ကလေးတွေအပေါ်ကို ပိုပြီး ဂရုစိုက်ဖြစ်လာမှာ သေချာပါတယ်။
(၂) Pollyanna
Pollyanna ကတော့ မြန်မာပရိသတ်တွေနဲ့ သိပ်ပြီး မစိမ်းလှပါဘူး။ အမြဲ အကောင်းမြင်တက်သူလေး ပိုလီယာနာ အကြောင်းက စာအုပ်တွေလည်း ခဏခဏ ထွက်နေတာ ဖြစ်လို့ ဇာတ်ကားပုံစံနဲ့ လာတဲ့အခါမှာ ကြိုက်ကြမှာ သေချာပါတယ်။ ကလေးတွေနဲ့ အတူတူ ကြည့်ရင်း သင့်ကလေးကို လောကကြီးအပေါ် အကောင်းမြင်စိတ်ထားဖို့ အကြံပြုလို့ ရတဲ့ ဇာတ်ကားတကားပါ။
(၃) Pay It Forward
ကမ္ဘာကို ဘယ်လို ပိုကောင်းအောင် လုပ်ရမယ်ဆိုတာ သင်သိပါသလား။ Trevor ကတော့ သိပါတယ်။ သူ့ရဲ့ နည်းလမ်းလေးကတော့ ရိုးရှင်းပါတယ်။ သင်က တယောက်ယောက်ကို ကူညီပြီး သူက ကျေးဇူးတင်တယ်လို့ ပြန်ပြောတဲ့ အခါ နောက်ထပ် လူ ၃ ယောက်ကို ထပ်ပြီး ကူညီဖို့ ပြောရုံပါပဲ။
(၄) Dreamer
ဒီကားကတော့ ဖြစ်ရပ်မှန်ကို အခြေခံထားတဲ့ ဇာတ်ကားတကား ဖြစ်ပါတယ်။ ၂၀၀၅ ခုနှစ်က ထွက်ရှိထားပြီး အရမ်းချစ်ဖို့ကောင်းတဲ့ မင်းသမီးလေး Dakota Fanning က သရုပ်ဆောင်ထားပါတယ်။ ပြိုင်မြင်းတွေ အကြောင်း ရိုက်ကူးထားတဲ့ ဇာတ်ကားဖြစ်ပြီး ဒီကားထဲမှာ သားအဖ ဆက်နွယ်မှုကို အားကောင်းကောင်းနဲ့ မြင်ရမှာလည်း ဖြစ်ပါတယ်။
(၅) Frozen
Frozen ကတော့ အခြား Disney ဇာတ်လမ်းတွေထဲက ကွဲထွက်တဲ့ ဇာတ်ကားတကားဖြစ်ပါတယ်။ ဒီကားကို မောင်နှမတွေ အတူတူကြည့်သင့်တယ်လို့ ရုပ်ရှင်အဖွဲ့အစည်းတွေက သတ်မှတ်ထားပါတယ်။ သာမန် Disney က ရိုက်တဲ့ ဇာတ်ကားတွေမှာ သမီးရည်းစား အချစ်ကို ဖော်ကျူးလေ့ ရှိပေမယ့် ဒီကားမှာတော့ ညီအစ်မ နှစ်ယောက်ရဲ့ ခိုင်မြဲတဲ့ အချစ်တွေက အချစ်စစ် ဖြစ်နိုင်ကြောင်းကို ရိုက်ပြခဲ့တာပဲ ဖြစ်ပါတယ်။
Ref : brightside