အမေရိကန်အဆိုတော် Miley Cyrus ဟာ သူနဲ့ ကာလရှည်လက်တွဲခဲ့တဲ့ ချစ်သူ မင်းသား Liam Hemsworth နဲ့ လက်ထပ်လိုက်ပြီဆိုတဲ့ အကြောင်း တရားဝင်ကြေညာလိုက်ပြီး Instagram မှာ အဖြူအမည်း ဓာတ်ပုံတွေကို တင်ခဲ့ပါတယ်။
ဒီဇင်ဘာ ၂၆ ရက်နေ့မှာ အသက် ၂၆ နှစ်အရွယ် အဆိုတော် Miley ဟာ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်ပိုင်းက မိသားစု၊ ရင်းနှီးတဲ့ သူငယ်ချင်းတွေ တက်ရောက်ခဲ့တဲ့ လျှို့ဝှက်မင်္ဂလာပွဲမှာ ရိုက်ကူးခဲ့တဲ့ ဓာတ်ပုံတွေကို ဝေမျှလိုက်တာ ဖြစ်ပါတယ်။ သူတို့ရဲ့ မင်္ဂလာပွဲသတင်းနဲ့ ပတ်သက်လို့ ကောလာဟလသတင်းတွေ ထွက်နေခဲ့တာပါ။
အဲဒီ ဓာတ်ပုံတွေထဲက တပုံမှာ Miley ဟာ အဖြူရောင် ဂါဝန်အရှည်ကို ဝတ်ဆင်ထားပြီး သြစတေးလျမင်းသား Liam ကတော့ အနောက်တိုင်းဝတ်စုံနဲ့ အနမ်းခြွေနေတဲ့ပုံကို မြင်တွေ့ရပါတယ်။
အသက် ၂၈ နှစ်အရွယ် မင်းသား Liam က တင်ခဲ့တဲ့ဓာတ်ပုံမှာတော့ “12.23.18” ဆိုပြီး သူတို့လက်ထပ်ခဲ့တဲ့ ရက်စွဲကို တင်ခဲ့တာတွေ့ရပါတယ်။ ဖျော်ဖြေရေး ဝက်ဘ်ဆိုက် People.com ရဲ့အဆိုအရ သူတို့ကြင်စဦး ဇနီးမောင်နှံနှစ်ဦးဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၃ ရက်နေ့မှာ တန်နန်ဆီပြည်နယ်၊ ဖရန့်ကလင်းမြို့မှာရှိတဲ့ သူတို့ရဲ့နေအိမ်မှာ မင်္ဂလာပွဲလေးတခုကို ကျင်းပခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
Miley ရဲ့ ကြေညာချက် မတိုင်မီမှာတော့ ပရိသတ်တွေဟာ Instagram မှာတင်ထားတဲ့ လက်ထပ်ပွဲကိတ်မုန့် ခွဲနေတဲ့ဓာတ်ပုံကိုကြည့်ပြီး သူတို့နှစ်ဦးဟာ တိတ်တဆိတ် လက်ထပ်လိုက်ပြီလို့ တွက်ဆထားခဲ့ကြတာ ဖြစ်ပါတယ်။
အခြားဓာတ်ပုံ တပုံမှာတော့ မင်းသား Liam ဟာ ညီအစ်ကိုတွေဖြစ်တဲ့ Chris နဲ့ Luke တို့နဲ့အတူ “Mr and Mrs” လို့ရေးထားတဲ့ ဘောလုံးတွေကို နောက်ခံထားပြီး ဓာတ်ပုံရိုက်ကူးခဲ့ကြပါတယ်။ Miley နဲ့ Liam တို့ဟာ ၂၀၁၀ ခုနှစ်တုန်းက “The Last Song” ရုပ်ရှင်ရိုက်ကွင်းမှာ ဆုံတွေ့ခဲ့ကြတာဖြစ်ပြီး ၂ နှစ်အကြာမှာတော့ သူတို့ စေ့စပ်လိုက်ကြပြီလို့ ကြေညာခဲ့ပါတယ်။
ဒါပေမဲ့ သူတို့ စုံတွဲနှစ်ဦးဟာ တနှစ်လောက် အကြာမှာပဲ စေ့စပ်မှုကို ဖျက်သိမ်းလိုက်ပြီး ကိုယ့်လမ်းကို လျှောက်ခဲ့ကြပါတယ်။ သူတို့ဟာ ၂၀၁၅ ခုနှစ်မှာ အတူတူပြန်တွဲခဲ့ကြပြီး အခုအချိန်အထိ ချစ်ကြိုက်နေခဲ့တာ ဖြစ်ပါတယ်။ သူတို့နှစ်ဦးဟာ Liam ရဲ့ အစ်ကို Chris ပါဝင်ထားတဲ့ ရုပ်ရှင် “Thor: Ragnarok” အထူးပွဲကို ပြီးခဲ့တဲ့နှစ် အောက်တိုဘာလ မှာ အတူတွဲပြီး တက်ရောက်ခဲ့တာကို မြင်တွေ့ခဲ့ကြရပါတယ်။
Ref: asiaone