ဒီဇင်ဘာလ ၂၇ ရက်နေ့မှာပဲ အသက် ၅၃ နှစ်ပြည့်သွားတဲ့ ဘောလိဝုဒ်မင်းသား Salman Khan ဟာ သူ့ရဲ့ နာမည်ကျော်ကြားမှုထက် ပရိသတ်ရဲ့ အချစ်နဲ့ လေးစားမှုက ပိုတန်ဖိုးရှိတယ်လို့ ပြောဆိုလိုက်ပါတယ်။
“Tiger Zinda Hai” ရုပ်ရှင်စတားက ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၆ ရက်နေ့မှာ သူ့ရဲ့ မွေးနေ့ပွဲ ကျင်းပမှုမတိုင်မီ မီဒီယာကို စကားပြောဆိုခဲ့ပါတယ်။
မင်းသား Salman Khan က “လူတွေ ကျနော့်ကိုအရမ်းချစ်ကြတာ ကျနော်ပျော်ပါတယ်။ နာမည်ကျော်ကြားမှုဆိုတာလည်း အရေးကြီးပါတယ်။ ဒါပေမဲ့ ပရိသတ်တွေရဲ့အချစ်၊ လူတွေရဲ့လေးစားမှုနဲ့ ကျနော့်ကို သူတို့တော်တော်လေး ယုံကြည်ကြတာက ကျနော့်ကို ပိုပြီး ပျော်ရွှင်ရစေပါတယ်” လို့ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။
မင်းသားဟာ မိသားစု၊ သူ့ရဲ့ ရင်းနှီးတဲ့သူငယ်ချင်းတွေနဲ့အတူ Panvel မြို့မှာရှိတဲ့ လယ်တောအိမ်မှာ မွေးနေ့ပွဲကို ကျင်းပခဲ့တာဖြစ်ပါတယ်။
ဒီနှစ်ထဲမှာ တခုတည်းသော မင်းသားရဲ့ ပါဝင်မှုဖြစ်တဲ့ “Race 3” ရုပ်ရှင်ဟာ ဝေဖန်သူတွေရဲ့ ဝေဖန်မှုကို ခံခဲ့ရပြီး ရုံဝင်ငွေမှာလည်း ထင်မှတ်ထားသလောက် ရရှိခဲ့ခြင်း မရှိပါဘူး။ သူကတော့ သူ့ပရိသတ်တွေအတွက် ပိုကောင်းတဲ့ အလုပ်တွေ လုပ်သွားပြီး ဆက်ကြိုးစားသွားမယ်လို့ ပြောကြားခဲ့ပါတယ်။
မင်းသားရဲ့ မွေးနေ့ကို တက်ရောက်ခဲ့ကြတဲ့ နာမည်ကြီးတွေထဲမှာ Katrina Kaif, Sonakshi Sinha, Sunil Grover, Jacqueline Fernandez နဲ့ Anil Kapoor တို့ ပါဝင်ကြပါတယ်။
မင်းသား Salman ကို ၂၀၁၉ ခုနှစ်၊ အစ်ပွဲတော်ကာလမှာဖြန့်ချိမယ့် “Bharat” မှာမြင်တွေ့ရဦးမှာပါ။ မင်းသား Salman Khan ကို ၁၉၆၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၇ ရက်နေ့မှာ မွေးဖွားခဲ့ပါတယ်။
အိန္ဒိယရုပ်ရှင်လောကမှာ စီးပွားရေးအရ အအောင်မြင်ဆုံး မင်းသားလို့ သတ်မှတ်ခံထားရသူဖြစ်ပြီး ၂၀၁၈ ခုနှစ်အတွက် Forbes မဂ္ဂဇင်းအတွက် ထုတ်ပြန်ချက်အရဆိုရင် အိန္ဒိယမှာ ဝင်ငွေအများဆုံး နာမည်ကျော်ကြားသူအဖြစ် ဖော်ပြခံထားရသူ ဖြစ်ပါတယ်။
Ref:ptinews