မင်းသမီး Halle Berry ကတော့ ကံဆိုးတဲ့ ဖြစ်ရပ်တွေနဲ့ ဆက်တိုက်ကြုံတွေ့နေရပါတယ်။ Woolsey Fire တောမီးကြောင့် မာလီဘူးမြို့မှာရှိတဲ့ ကမ်းခြေနားက အိမ်ကနေလည်းထွက်ခွာလာခဲ့ရတဲ့အပြင် အဲဒီအိမ်ကိုလည်း ပင်လယ်ဓားပြတွေက ဝင်စီးခဲ့ကြတယ်လို့ သိရပါတယ်။
အဲဒီဓားပြတွေဟာ ဒေါ်လာ ၈ သန်းတန်အိမ်ကို လှေငယ်တစင်းနဲ့ ရောက်လာခဲ့ကြပြီး အိမ်ကို မွှေနှောက် ရှာဖွေခဲ့ကြတယ် လို့ အမေရိကန် မီဒီယာတွေမှာ ဖော်ပြကြပါတယ်။
အဲဒီလုယက်သူတွေဟာ လှေတစင်းနဲ့ ရောက်လာခဲ့တာဖြစ်ပြီး သူတို့တွေဟာ ပင်လယ်ဓားပြတွေ ဖြစ်တဲ့အကြောင်း၊ အဲဒီ့သတင်းကို ကြားခဲ့ရပြီးတဲ့နောက် ဘာတွေဖြစ်ခဲ့တယ်ဆိုတာကို မင်သမီး Halle တယောက် သိရှိခဲ့ပြီးတဲ့နောက် အဲဒီကို မပြန်ရဲတော့ဘူးလို့ အသိမိတ်ဆွေတဦးရဲ့ ပြောကြားချက်ကို မီဒီယာတွေမှာ ဖော်ပြပါတယ်။
မင်းသမီးပိုင်ဆိုင်တဲ့အဖိုးတန် တကိုယ်ရေးသုံးပစ္စည်းတွေနဲ့ ဈေးကြီးတဲ့ အနုပညာ လက်ရာပစ္စည်းတွေဟာ ခိုးယူခံ လိုက်ရတယ်လို့ ဆိုပါတယ်။ ဘယ်သူမှ ထိခိုက်ခဲ့တာမရှိခဲ့ပေမယ့် အဲဒီဖြစ်ရပ်ကြောင့် အသက် ၅၂ နှစ်အရွယ် မင်းသမီးဟာ အိမ်ကို ပြန်ဖို့တော်တော်လေးကို စိုးရိမ်ထိတ်လန့်် နေတယ်လို့ သိရပါတယ်။
အတွင်းသတင်းတခုက “အဲဒါဟာ Halle နဲ့ သူ့ကလေးနှစ်ဦးအတွက် မိသားစုအိမ်ဖြစ်ပါတယ်။ အချိန် တော်တော်များများ သူအဲဒီမှာ ကုန်ဆုံးခဲ့ပါတယ်။ ဒါကြောင့် အဖြစ်အပျက်တခုလုံးက တော်တော်လေး ကြောက်ဖို့ကောင်းပါတယ်။ အဲဒီ့ဖြစ်ရပ်ကြောင့် သူတော်တော်လေး ကြောက်လန့်နေပါတယ်” လို့ ပြောဆိုခဲ့ ပါတယ်။
“Monster’s Ball” ရုပ်ရှင်မင်းသမီးဟာ ကယ်လီဖိုးနီးယားတောင်ပိုင်းမှ တောမီးလောင်ကျွမ်း နေခဲ့လို့ နိုဝင်ဘာလ ၈ ရက်နေ့မှာပဲ အဲဒီအိမ်ကနေ ပြောင်းရွှေ့လာခဲ့ရတာပါ။ အခုလိုမျိုး အိမ်က ထွက်လာခဲ့တာဟာ အိမ်ကို ဖောက်ထွင်းဖို့ လုယက်သူတွေကို အခွင့်အရေးပေးသလို ဖြစ်သွားခဲ့တာပါ။
အဲဒီရာဇဝတ်သားတွေဟာ အရမ်းကိုပဲ ဉာဏ်ကောင်းတဲ့အကြောင်း၊ ဘာလုပ်ရမယ်ဆိုတာကို သေသေချာချာ သိတဲ့အကြောင်း အတွင်းသတင်းတခုက ပြောဆိုခဲ့ပါတယ်။
မီးလောင်မှုကလည်း သူတို့အလုပ်ပြီးမြောက်စေဖို့ ကာကွယ်ပေးသလို ဖြစ်ခဲ့ပါတယ်။ တောမီးလောင်မှုကြောင့် နေထိုင်ရာအိမ်တွေကနေ ရွှေ့ပြောင်းခဲ့ရပြီး အိမ်ကို ဝင်ရောက်စီးနင်းခံခဲ့ရတဲ့သူတွေထဲမှာ မင်းသမီး Halle အပြင်အခြားအနုပညာရှင်တွေလည်း ရှိနေပါသေးတယ်။
အဆိုတော် Pink ရဲ့ ခင်ပွန်း Carey Hart ကလည်း မီးလောင်မှုကို အကြောင်းပြုလို့ လုယက်မှုလုပ်ဖို့ စီစဉ်ခဲ့တဲ့ သူတွေရှိခဲ့တဲ့အကြောင်း ပုံနဲ့တကွ Instagram မှာ တင်ခဲ့ပါသေးတယ်။
Ref: aceshowbiz