The X Factor Myanmar 2018 winner ဟိန်းထိုက်က အရင်က သီချင်းဆိုပြိုင်ပွဲတွေကို ဝင်ပြိုင်ခဲ့ဖူးပေမယ့် မအောင်မြင်ခဲ့ဘဲ ဒီပွဲနဲ့ကျမှ ကံနဲ့ တထပ်တည်းကျခဲ့တာ ဖြစ်တယ်လို့ ဧရာဝတီကို ဆိုပါတယ်။
“အရင်က Myanmar Idol မှာလည်းဝင်ပြိုင်ဖူးတယ်။ “အိမ်မက်ဆုံရာ” မှာလည်းဝင်ပြိုင်တာ မအောင်ခဲ့ဘူး။ Myanmar Idol မှာဆိုရင် ကျနော် အသံစစ်မအောင်ခဲ့ဘူး။ Myanmar Idol ကမြန်မာနိုင်ငံမှာ နာမည်ပိုကြီးပြီး သူက မြို့ ကြီးတွေမှာ လည်း အသံသွားစစ်ခဲ့တာလေ။ ရန်ကုန်ဆိုလူကြပ်မှာစိုးလို့ ပုသိမ်မှာဆင်းပြီးပြိုင်ခဲ့တာ အသံစစ်မအောင်ခဲ့ဘူး။ ဇွဲမလျှော့ဘဲနဲ့ ရန်ကုန်မှာ ထပ်စစ်တော့လည်း မပါခဲ့ပြန်ဘူး။ ဒီ X Factor ကျမှပဲ ကျနော့်ကံနဲ့တထပ်တည်းကျပြီး ပါသွားခဲ့တာ”လို့ The X Factor Myanmar 2018 Winner ဟိန်းထိုက်က ဧရာဝတီကိုပြောပါတယ်။
ဟိန်းထိုက်က The X Factor Myanmar 2018 Winner ဆုကို ဒီဇင်ဘာလ ၁၆ ရက်နေ့ကမှ ရရှိထားတာပါ။ The X Factor Myanmar 2018 Winner အနေနဲ့ ဆုကြေးငွေကျပ် သိန်း၁၅၀နဲ့ Winner Song ဖြစ်တဲ့ တေးရေးညီညီသွင်ရဲ့ “ရှင်သန်ခြင်းကဗျာ”သီချင်းကို ပိုင်ဆိုင်ရရှိထားပါတယ်။
ဒါ့အပြင် The X Factor Myanmar က Winner တယောက်အတွက် တကိုယ်တော်တေးစီးရီးတခွေလည်းထုတ်ပေးမှာဖြစ်ပါတယ်။ The X Factor Myanmar 2018 သီချင်းဆိုပြိုင်ပွဲတလျှောက် ကြုံခဲ့ရတဲ့အခက်အခဲဆိုတာကိုလည်း ဟိန်းထိုက်က အခုလိုပြောပြပါတယ်။
” Dance Weak မှာ ကိုယ်က မကတတ်တော့ အရမ်းခက်ခဲတယ်။ ကိုယ်တိုင်ကလည်း မကတတ်တော့ အများကြီးပြန်သင်နေရတယ်။ မိတ်ကပ်ဆိုရင်လည်း ယောကျာ်းလေးဆိုတော့ ကျနော်က မိတ်ကပ်လိမ်းတာမကြိုက်ဘူး။ အခက်အခဲတွေကတော့အများကြီးပဲ”လို့ ဟိန်းထိုက်က ဆိုပါတယ်။
တချို့ပြိုင်ပွဲတွေမှာ Winnerတွေကိုတေးစီးရီးထုတ်ပေးဖို့ အချိန်ယူတာကြာတတ်တဲ့အတွက် ဟိန်းထိုက်နဲ့ X Factor ဘယ်လိုစီစဉ်ထားလဲဆိုတာကိုလည်း အခုလိုဆိုပါတယ်။
“လောလောဆယ်က ကျနော်လည်း သူတို့ပေးမယ့်အချိန်ကို သေချာမသိသေးဘူး။ အချိန်အတိုင်းအတာတခုကတော့ စောင့်ရမှာပါ။ တကယ်လို့ သူတို့ဘက်က မစောင့်ဘူးကွာခ ျက်ခြင်းလုပ်ဆိုရင်တောင် ကျနော်က စောင့်မှာ။ ကျနော်က ဒီနယ်ပယ်ထဲက မဟုတ်တဲ့အတွက် ဘာမှမသိသေးဘူး။ အဲဒီအစီအစဉ်မှာသာ ကျနော်က winnerဖြစ်တာ။ အနုပညာနယ်ပယ်ထဲကို ခြေလှမ်းတောင်မစရသေးဘူး”
“ကျနော်အများကြီးလိုပါသေးတယ်။ ကြားထဲမှာ တခြားအတွေ့အကြုံတွေ အများကြီးရှာရဦးမယ်။ အဲဒီအတွေ့အကြုံတွေ အသုံးချပြီးမှ သီချင်းလုပ်ဖို့အတွက် ဖြည့်နိုင်သလောက်အင်အားတွေ အကုန်ဖြည့်ထားရမယ်။ ကျနော်ကိုယ်တိုင်က အချိန်ယူပြင်ဆင်ပြီးမှ၊ သူတို့ကလည်း လုပ်ဖို့အချိန်ကျပြီဆိုမှ လုပ်မှာပါ”လို့ ဟိန်းထိုက်က ဆိုပါတယ်။
Winner ဆုရထားတာရက်ပိုင်းပဲရှိသေးတဲ့ သူတယောက်ရဲ့ခံစားမှုနဲ့ပတ်သက်ပြီးလည်း”လက်ရှိခံစားနေရတဲ့ဖီလင်က အရင်ကနဲ့တော့ လုံးဝမတူတော့ဘူး။ အရင်က လူလည်း သိပ်သတိမထားမိတဲ့ လူတယောက် ၊အခုတော့ ကိုယ့်ကိုအားပေးတဲ့သူ ၁၀ယောက်၊ အယောက် ၁၀၀ ကရှိနေပြီ။ အဲဒီအပေါ်မှာ အတိုင်းမသိဝမ်းသာတယ်။ဒီအခွင့်အရေးကိုအသုံးချပြီး ဆက်လုပ်ဆောင်သွားမယ် ။အခက်အခဲတွေကတော့ အများကြီးရှိမှာပါ။ ကျော်လွှားပြီး ကိုယ်ဖြစ်ချင်တာကိုလုပ်ရမှာပါ”
“ကျနော့်အနေနဲ့ ခြေစမ်းကွင်းလေးရသွားပြီဖြစ်တဲ့အတွက် ကျနော့်ရဲ့မိခင်ဖြစ်တဲ့ The X Factor Myanmar ကနေတဆင့် အကျိုးအမြတ်တွေ အများကြီးရလိုက်ပါတယ်။ အဲဒီအတွက်ကျေနပ်တယ်။ အဲဒီကတဆင့် ကျနော်လုပ်ချင်တဲ့ ဂီတလှုပ်ရှားမှုတွေလုပ်မယ်။ အခွေမထွက်ဖြစ်သေးတဲ့ကြားထဲမှာ Single သီချင်းလေးတွေလုပ်မယ်။ ပြီးရင် online ကနေ ချပြမယ်လို့ စီစဉ်ထားပါတယ်”
“သူများသီချင်းတွေကြီးပဲဆိုလို့မရတော့ဘူး။ ဒီလမ်းကြောင်းကို လျှောက်မယ်ဆို ကိုယ့်မှာ သီချင်းရှိဖို့လိုတယ်။ ကိုယ်ပိုင်သီချင်းတွေမရှိဘဲနဲ့ ရပ်တည်ဖို့က အရမ်းခက်ခဲတယ်။ ဒါကြောင့်ကျနော့်မှာရှိတဲ့ ကိုယ်ပိုင်သီချင်းတွေကို အများကြီး ကြိုးစားရမယ်”လို့ဆိုပါတယ်။
ပြိုင်ပွဲပြီးတာရက်ပိုင်းပဲရှိသေးတာကြောင့် စာချုပ်စာတမ်းကိစ္စမလုပ်ရသေးဘဲ အခွေမထွက်ခင် Online မှာသီချင်းတင်ခွင့်ပေး၊ မပေးဆိုတာနဲ့ပတ်သက်ပြီးလည်း ဟိန်းထိုကက အခုလိုဆိုပါတယ်။
“သူတို့ကိုတော့ ကျနော်က ခွင့်တောင်းရမှာပေါ့နော်။ ကျနော်ကတော့ ဒီလိုပုံစံနဲ့ Promote လုပ်ချင်ပါတယ်ဆိုပြီး အသိပေးရမှာပေါ့။ သူတို့ခွင့်ပြုချက်အပေါ်မူတည်ပြီး လုပ်ရမှာဆိုတော့ သူတို့ကလည်းခွင့်ပြုမှာပါ”လို့ဟိန်းထိုက်က ဆိုပါတယ်။
ဟိန်းထိုက်က The X Factor Myanmar 2018 winner အနေနဲ့ ပထမဆုံးမြို့ခံလူများနဲ့တွေ့ဆုံပွဲပြုလုပ်ပေးမယ်လို့ သိရပါတယ်။ မြို့ခံလူများက ဟိန်းထိုက်ကို ပြုလုပ်ပေးမယ့် ဂုဏ်ပြုပွဲကို ဒီဇင်ဘာလ ၃၁ရက်နေ့၊ ရခိုင်ပြည်နယ် ၊တောင်ကုတ်မြို့၊သိမ်တောင်အားကစားကွင်းမှာ ပြုလုပ်မယ်လို့သိရပါတယ်။