Entertainment

လားရှိုးသိန်းအောင် ကွယ်လွန်မှုအပေါ် ဂစ်တာနိုင်ဇော်ရဲ့ ဝမ်းနည်းစကား

စတူဒီယို ခေတ်ဦး အဆိုတော်ကြီး လားရှိုးသိန်းအောင်ဟာ ဒီဇင်ဘာလ ၂၈ ရက်နေ့က အမေရိကန်ပြည်ထောင်စု၊ တက္ကဆပ်ပြည်နယ်၊ ဟူစတန်မြို့မှာ ဒေသစံတော်ချိန် ည ၂ နာရီခွဲ အချိန်က နှလုံးရောဂါနဲ့ ကွယ်လွန်သွားခဲ့တယ်လို့ သိရပါတယ်။

“ကျနော့်ကို သူ (လားရှိုးသိန်းအောင်) ဆုံးပြီလို့ သိသိချင်း သူ့ညီက လှမ်းဆက် အကြောင်းကြားပြီး သိအောင်ပြောပေးပါဆိုတာနဲ့ Facebook မှာ တင်ပေးလိုက်တာပါ။ သူ့အသက်က ၇၃ နှစ်၊ ဆုံးတာက အမေရိကန်နိုင်ငံ၊ တက္ကဆပ်ပြည်နယ်၊ ဟူစတန်မြို့မှာ နှလုံးရောဂါနဲ့ ကွယ်လွန်သွားတယ်လို့ ပြောပါတယ်။ ည ၂ နာရီခွဲမှာလို့ ပြောလို့ ကျနော် သိရပါတယ်။ သူနေမကောင်းတာတော့ ကြားမိတယ် အဲ့လောက်ဖြစ်သွားမယ်တော့ မထင်ဘူး”

“သူက ရန်ကုန်ကို ၂၀၁၉ ထဲမှာ အနုပညာတွေ လာလုပ်ဖို့ လုပ်ထားပါတယ်။ ကျနော်တို့ သူတို့ မိသားစုကို ဆက်သွယ်ပြီး နားရေး အခမ်းအနားပြင်တာတွေ ဘယ်နေ့ဘယ်ချိန် သဂြိုလ်မှာတွေကို မေးရပါဦးမယ်။ သူ့အမျိုးသမီးက ခရစ်ယာန်ဆိုတော့ ဘယ်လို လုပ်မလဲဆိုတော့ ကျနော်တို့လည်း မသိသေးဘူး။ သိတာနဲ့ Facebook ကနေ တင်ပေးမှာပါ”လို့ Art Robots တီးဝိုင်းမှ ကိုနိုင်ဇော်က ဧရာဝတီကို ပြောပါတယ်။

၂၀၁၃ ခုနှစ်က မြန်မာနိုင်ငံမှာ လာရောက်ဖျော်ဖြေခဲ့တဲ့ လားရှိုးသိန်းအောင် (ဓာတ်ပုံ – ဧရာဝတီ)

ယခုလိုမျိုး ဂီတလောကမှ အဆိုတော်ကြီးတယောက် ကြွေလွင့်သွားတဲ့အတွက် ဂီတလောကသားတယောက် အနေနဲ့ စိတ်မကောင်းဖြစ်မိသလို သူလာရင် Unplugged သီချင်း အတူတူ လုပ်ဖို့ စိတ်ကူးရှိတယ်လို့လည်း နိုင်ဇော်က ပြောပါတယ်။

“အခုလို အနုပညာလောက အဆိုတော်ကြီးတယောက် ကြွေလွင့်သွားတာ စိတ်မကောင်းဖြစ်ရတယ်။ ဒီလိုမျိုး မဖြစ်သင့်တဲ့ သူတယောက်ပါ။ တိုင်းပြည်ကိုပြန်လာပြီး အနုပညာတွေ အများကြီး လုပ်လို့ ရပါသေးတယ်။ အခုလို ကွယ်လွန်သွားတော့ တရားသဘောပေါ့။ သေခြင်းတရားကိုလည်း ဘယ်သူမှ မလွန်ဆန်နိုင်ပါဘူး။ ကောင်းရာမွန်ရာ ရောက်ပါစေပဲ ဆုတောင်းပေးပါတယ်”

“ကိုဂျင်မီက ကျနော်တို့ ငယ်ငယ်ကတည်းက ကြားနေရတဲ့ အဆိုတော် တယောက်ပေါ့။ ကိုဂျင်မီနဲ့ ကျနော် စိတ်ကူးလေးတခု ရှိတယ်။ သူလာရင် Unplugged လေးတခုလောက် သူလာတုန်းလေး လုပ်ချင်တယ်ပေါ့။ သူနဲ့လည်း ပြောထားတယ်။ အခုလိုပြောထားပြီး မလုပ်လိုက်ရတာတော့ စိတ်မကောင်း ဖြစ်ရပါတယ်။ ကျနော်တို့ အတွက်လည်း အချိန်က အရေးကြီးမှန်း ပိုသိရပါတယ်”လို့ နိုင်ဇော်က ဆိုပါတယ်။

စတူဒီယိုခေတ်ဦး အဆိုတော်ကြီး ဂျင်မီဂျက်(ခေါ်) လားရှိုးသိန်းအောင်ဟာ ”နှုတ်မဆက်နဲ့ ငိုချင်တယ်”၊ ”ငှက်ငယ်အလား ကိုယ့်အမှား”၊ ”စက်ခေါင်းအမှတ် ၀၀၉” စတဲ့ တေးသီချင်းများစွာနဲ့ နာမည်ကြီးသူပါ။ လက်ရှိအချိန်မှာတော့ သူ့ကိုချစ်တဲ့ မိသားစုနဲ့ အတူ အနုပညာအသိုင်းအဝိုင်းက မိတ်ဆွေအပေါင်းအသင်းတွေ ပရိသတ်တွေကလည်း ဝမ်းနည်းပူဆွေးလို့နေကြပါတယ်။

လားရှိုးသိန်းအောင်ရဲ့ ကိုယ်ပိုင် သီချင်းတွေဟာ တခေတ်တခါမှာ အောင်မြင်ခဲ့ရုံသာမက ဒီနေ့ခေတ်မှာလည်း ပရိသတ်အကြိုက်နဲ့ ထပ်တူကျနေတဲ့ သီချင်းတွေ ရှိနေဆဲပါ။ ယခု လက်ရှိအောင်မြင်နေတဲ့ အဆိုတော်တွေကလည်း သူ့ရဲ့ သီချင်းတွေကို ပြန်လည် သီဆိုနေတာ တွေ့ရပါတယ်။

လားရှိုးသိန်းအောင်ခေါ် ဦးဂျင်မီဟာ ၁၉၇၂ ခုနှစ်မှာ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီကို လက်မခံနိုင်ဘဲ စွန့်စားလိုတဲ့ ဝါသနာအတွက် တောခိုသွားခဲ့ပြီး အမေရိကန်နိုင်ငံမှာ ဂီတလုပ်ငန်း အပါအဝင် ပရဟိတ လုပ်ငန်းများလုပ်ကိုင်ရင်း အမေရိကန်နိုင်ငံသူ တဦးနှင့် အိမ်ထောင်ကျကာ သမီးတယောက်၊ သား ၂ ယောက် ရရှိခဲ့ပါတယ်။

လားရှိုးသိန်းအောင်ဟာ ၂၀၁၃ ခုနှစ်မှာလည်း မြန်မာနိုင်ငံမှာ တကိုယ်တော်ရှိုး ပြုလုပ်ခဲ့ပြီး အဆိုပါ ရှိုးပွဲဟာ သူ မြန်မာနိုင်ငံမှ ထွက်ခွာသွားခဲ့ပြီး နှစ်ပေါင်း ၄၀ ကျော် အကြာမှာ ပြုလုပ်ခဲ့တဲ့ ရှိုးပွဲလည်း ဖြစ်ပါတယ်။ လားရှိုးသိန်းအောင်ကို ၁၉၄၆ ခုနှစ်မှာ မွေးဖွားခဲ့တာဖြစ်ပြီး ကွယ်လွန်ချိန်မှာတော့ သူဟာ အသက် ၇၂ နှစ် အရွယ်ရှိပြီ ဖြစ်ပါတယ်။

ဆက်စပ် သတင်းလင့်ခ်များ

လားရှိုးသိန်းအောင် ပြန်လာပြီ

လားရှိုးသိန်းအောင် တကိုယ်တော် ဂီတပွဲမြင်ကွင်း

Loading