ဒီတခါ မိတ်ဆက်ပေးမယ့် တီဗီစီးရီးက ၂၀၁၈ ခုနှစ်ထွက် “Castle Rock” ဆိုတဲ့ တီဗီစီးရီး ဖြစ်ပြီး ဇူလိုင်လ ၂၅ရက်နေ့မှာ Hulu Channel ကနေ စတင်ပြသခဲ့တဲ့ Horror အမျိုးအစားစီးရီး ဖြစ်ပါတယ်။ စီးရီးမှာပါဝင်တဲ့ ဇာတ်ကောင်နဲ့ Setting တွေကိုတော့ “It” ကို ဖန်တီးခဲ့တဲ့ Stephen King ရဲ့ ဇာတ်လမ်းထဲကအတိုင်း အခြေခံထားတာလည်း ဖြစ်ပါတယ်။
သရုပ်ဆောင်တွေအနေနဲ့ Andre Holland, Melanie Lynskey, Bill Skarsgard နဲ့ အခြား သရုပ်ဆောင်များစွာ ပါဝင်သရုပ်ဆောင်ထားကြပါတယ်။ Season 1 မှာတော့ Episode 10 ခုပါဝင်ပြီး Episode တိုင်းကို စိတ်ဝင်စားဖွယ်ရာ ခေါင်းစဉ်တွေနဲ့ကြည့်ရှုကြရမှာ ဖြစ်ပါတယ်။
ဇာတ်လမ်းအကျဉ်းကတော့ ၁၉၉၁ ခုနှစ်၊ Maine ပြည်နယ် Castle Rock မြို့မှာ ရဲမှူး Alan ဟာ ရက်အတော်ကြာ ပျောက်ဆုံးနေတဲ့ Henry ကို ရေခဲပြင်ချပ်ပေါ်မှာ တယောက်တည်း တွေ့ရှိခဲ့ပါတယ်။ Henry ကို ထိခိုက်ဒဏ်ရာတွေနဲ့ တွေ့ရှိခဲ့တာမျိုး မဟုတ်ပေမယ့် သူ့ရဲ့ မွေးစား အဖေဖြစ်သူကိုတော့ Henry ကို တွေ့ရှိပြီး သိပ်မကြာခင်မှာ သေစေနိုင်လောက်တဲ့ ဒဏ်ရာတွေနဲ့ တွေ့ရှိခဲ့ရတာပါ။
သူတို့ သားအဖ နှစ်ယောက်ဟာ ညသန်းခေါင်အချိန် အေးစက်လှတဲ့ Castle Rock ရဲ့ ရာသီဥတုမှာပဲ တောအုပ်ထဲကို ထွက်ခွာခဲ့ကြတာဖြစ်ပြီး မျက်မြင်သက်သေ မရှိတဲ့ ပျောက်ဆုံးမှုတခု၊ တမြို့လုံးနဲ့ Henry ရဲ့မွေးစားအမေဖြစ်တဲ့ Ruth တို့ကို သောကရောက်စေခဲ့တဲ့ အမှုတခု ဖြစ်ခဲ့တာလည်း ဖြစ်ပါတယ်။
ဒီလိုနဲ့ ၂၇ နှစ်ကြာ ပြီးတဲ့နောက်မှာ အဲဒီအမှုကိုရော Henry ကိုပါ မြို့ခံတွေအားလုံး မေ့လျော့သွားကြပြီပဲ ဖြစ်ပါတယ်။ မြို့ရဲ့ အဓိက စီးပွားရေးကတော့ Shaw Shank လို့ ခေါ်တဲ့ အကျဉ်းထောင်ဖြစ်ပြီး အဲဒီထောင်ရဲ့ ထောင်မှူးဖြစ်သူ Dale Lacy ဟာ Castle Lake ကမ်းပါးမှာ သူ့ကိုယ်သူ သတ်သေခဲ့တာလည်း ဖြစ်ပါတယ်။
သူ့ရဲ့ သတ်သေမှုဟာ သာမန်အမှုတွေလိုမျိုး မဟုတ်ဘဲ သစ်ပင်တပင်မှာ ချည်ထားတဲ့ကြိုးနဲ့အတူ သူ့ခေါင်းကိုစွပ်ပြီး ကားလီဗာကို ဖိနင်းရင်း သတ်သေခဲ့တာ ဖြစ်ပါတယ်။ ဘာကြောင့် အခုလို သတ်သေမှုမျိုးကို ပြုလုပ်ခဲ့တာလဲ ဆိုတာကတော့ မြို့နေလူထုအတွက်ရော ရဲဌာနအတွက်ပါ ခေါင်းခြောက်စေခဲ့တာ အမှန်ပါ။
Dennis Zalewski ဟာ Shaw Shank ရဲ့ ထောင့်စောင့်တဦးဖြစ်ပြီး ထောင်ရဲ့ ပိတ်ထားတဲ့ အခန်းထဲကို သွားရောက် စစ်ဆေးမှုပြုလုပ်တဲ့အခါမှာတော့ လူငယ်တယောက်ကို သံလှောင်အိမ်တခုထဲမှာ ချုပ်နှောင်ထားတာကို ထိတ်လန့်တကြား တွေ့ရှိခဲ့ရပါတယ်။
ပိတ်လှောင်ခံထားရတဲ့ လူငယ်ရဲ့ နာမည်ဟာ ဘယ်သူမှန်း မသိရသလို ပြစ်မှုမှတ်တမ်းနဲ့ ကိုယ်ရေး အချက်အလက်တွေလည်း ရှိမနေပါဘူး။ အဲဒီလူငယ်ဟာ သူ့ကို စစ်မေးတဲ့အချိန်မှာ Henry ရဲ့ နာမည်ကိုသာ ပြောခဲ့တာဖြစ်တဲ့ အတွက်ကြောင့် Shaw Shank ရဲ့ တာဝန်ရှိသူတွေအတွက် စိတ်မသက်မသာ ဖြစ်ခဲ့ကြရပါတယ်။
များပြားလှတဲ့ ဇာတ်ကောင်တွေနဲ့အတူ သူတို့ရဲ့ ပတ်သက် ဆက်စပ်နေပုံတွေ၊ နောက်ကြောင်း ရာဇဝင်နဲ့အတူ Castle Rock မြို့ရဲ့ ချောက်ချားဖွယ် ဖြစ်ရပ်တွေကို ရင်တမမနဲ့ ကြည့်ရှုကြရမှာပါ။ စိတ်ဝင်စားစရာကောင်းတဲ့ Horror တီဗီစီးရီးတခု ဖြစ်တာကြောင့် ရုပ်ရှင်ချစ် ပရိသတ်တွေအတွက် ပြန်လည် မျှဝေပေးလိုက်ပါတယ်။