၂၀၁၇ ခုနှစ်မှ ၂၀၁၈ ခုနှစ် အတွင်း ကွယ်လွန်ခဲ့တဲ့ အနုပညာရှင်များဟာ အသက်အရွယ်၊ ရောဂါဝေဒနာစတဲ့ အကြောင်းအမျိုးမျိုးကြောင့် ကြွေလွင့်ခဲ့ကြရပါတယ်။ ဒါကြောင့် အဲဒီနှစ်တွေအတွင်း ကြွေလွင့်ခဲ့ကြတဲ့ အနုပညာရှင်များအကြောင်း အောက်မေ့ လွမ်းဆွတ်ဖွယ် ဖော်ပြပေးလိုက်ပါတယ်။
ခိုင်ထူး
“စစ်ကိုင်းလမ်း” ၊ “အဉ္ဇလီ” ၊ “ရွှေလည်တိုင်” စတဲ့ တေးသီချင်းများနဲ့ နာမည်ကြီးတဲ့ အဆိုတော် ခိုင်ထူးဟာ ၂၀၁၇ ခုနှစ်၊ ဩဂုတ်လ ၉ ရက်နေ့က ပန်ကရိယ ကင်ဆာရောဂါနဲ့ ကွယ်လွန်ခဲ့ပါတယ်။ အဆိုတော် ခိုင်ထူးကို ၁၉၅၆ ခုနှစ်မှာ မွေးဖွားခဲ့ပြီး ကွယ်လွန်ချိန်မှာ အသက် ၆၁ နှစ်အရွယ် ရှိပြီ ဖြစ်ပါတယ်။
အဆိုတော် ခိုင်ထူးဟာ “တေးမြုံငှက်၊ အဉ္စလီ၊ သီချင်းတစ်ပုဒ် ပန်းတစ်ဆုပ်၊ မိုးရဲရင် ဆောင်းရဲရမယ်၊ မကျေနပ်ဘူး သိလား ၊ မကောင်းလည်းကိုယ် ကောင်းလည်းကိုယ်၊ အစောဆုံးပြန်ခဲ့ နှင်းသက်သက်ဝေ၊ ရွှေလည်တိုင်၊ ထားရစ်ခက်နေခဲ့တော့မယ်၊ ၃၉ ၊ ကမ်းလက်သင့်ရာ၊ တွဲဖက်ချွေး ၊ အမုန်းဆုပန်မယ့် လူသား၊ ခိုင်ထူးရဲ့ ခိုင်ထူး၊ ရသ” စတဲ့ တေးသီချင်းခွေ များစွာ ထွက်ရှိခဲ့ပါတယ်။
ဦးရဲလွင်
“ပန်းရဲ့လမ်း”အဖွဲ့ ဦးဆောင်သူ၊ မဇ္ဈိမလှိုင်းရဲ့ ပဲကိုင်ရှင်တဦးလည်း ဖြစ်တဲ့ ဦးရဲလွင်ဟာ ဇူလိုင် ၁၀ ရက်နေ့က ရန်ကုန်ဆေးရုံ ကုတင် ၅၀၀ အသည်းကုသဆောင်မှာ ဆေးကုသမှု ခံယူရင်း ကွယ်လွန်သွားခဲ့ပါတယ်။ ဦးရဲလွင်ကို ၁၉၄၇ ခုနှစ်မှာ မွေးဖွားခဲ့ပြီး ကွယ်လွန်ချိန်မှာတော့ သူဟာ အသက် ၇၁ နှစ် အရွယ် ရှိပြီ ဖြစ်ပါတယ်။
ဦးရဲလွင်ဟာ ဒီမိုကရေစီ ခရီးကြမ်း တလျှောက်လုံး တေးဂီတနဲ့ တိုင်းပြည်ကို အလုပ်အကျွေးပြုခဲ့သူတဦး ဖြစ်ပြီး “ပန်းရဲ့လမ်း” ငြိမ်းချမ်းရေး တေးဂီတအဖွဲ့နဲ့ စစ်ဘေးသင့်ဒေသကပြည်သူတွေအတွက် သူ့ရဲ့အနုပညာနဲ့ အလှူခံရင်း ပရဟိအလုပ်တွေ ဆက်တိုက် လုပ်ဆောင်ခဲ့သူလည်း ဖြစ်ပါတယ်။
ဦးရဲလွင်ဟာ ၁၉၈၄ ခုနှစ်မှာ အဆိုတော် ခင်မောင်တိုး၊ တေးရေး ကိုနေဝင်း၊ ကိုမောင်မောင်(အဉ္စလီ) တို့နဲ့အတူ မဇ္ဈိမလှိုင်း ဂီတအဖွဲ့မှာ ပါဝင်ခဲ့ပြီး ကိုယ်ပိုင် တေးသီချင်းများစွာ ဖန်တီး ရေးသားခဲ့သလို “ပန်းခရမ်းပြာ” သီချင်းဟာလည်း ၁၉၇ဝ၊ ၁၉၈ဝ ခုနှစ် ဝန်းကျင်မှာ လူကြိုက်များ ရေပန်းစားခဲ့ပါတယ်။
သူဟာ ဘဝတလျှောက်လုံး သီချင်းပေါင်း အပုဒ် ၂၀၀ နီးပါးရေးသားခဲ့ပြီး သူကိုယ်တိုင်လည်းဆိုသလို ခင်မောင်တိုး၊ ခိုင်ထူး၊ ဂျေမောင်မောင်စတဲ့ အဆိုတော်များလည်း သီဆိုခဲ့ပါတယ်။ “ခွဲခွာခြင်းခဏ၊ ပန်းခရမ်းပြာ၊ နောက်ဆုံးအိပ်မက်၊ နဒီမင်္ဂလာ ၊ အချစ်စစ်ဆိုတာ၊ ကြင်နာသူရဲ့အဝေးဆီ ၊ မင်းသိပါတယ်” စတဲ့ သီချင်းများ ရေးသားခဲ့ပါတယ်။
ဦးရဲလွင်ဟာ ၂၀၁၂ ခုနှစ်မှာ “လွတ်လပ်ငြိမ်းချမ်း ပန်းရဲ့လမ်း” အဖွဲ့ကို ဦးဆောင်ဖွဲ့စည်းခဲ့ပြီး မြန်မာနိုင်ငံရဲ့ ဒေသအသီးသီးမှာ ငြိမ်းချမ်းရေး သီချင်းများ လိုက်လံသီဆိုကာ ပြည်တွင်း ငြိမ်းချမ်းရေး အတွက် ဆော်ဩခဲ့တဲ့ ဂီတသမားတဦးလည်း ဖြစ်ပါတယ်။
မင်းသွေး
သရုပ်ဆောင် နေတိုးရဲ့ ညီအရင်း ဖြစ်သူ သရုပ်ဆောင် မင်းသွေးဟာ ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ ၃ ရက်နေ့ ညပိုင်းက ဘောလုံးကန်ရင်း နားချိန်မှာ ရေသောက်ရင်း ရုတ်တရက် အမောဖောက်ကာ ကွယ်လွန်သွားခဲ့ပါတယ်။ ကွယ်လွန်ချိန်မှာ မင်းသွေးဟာ အသက် ၃၃ နှစ်အရွယ် ရှိပြီဖြစ်ပြီး ၂၀၁၈ ခုနှစ်အတွင်းမှာ သူဟာ အနုပညာအလုပ် များစွာ လုပ်ကိုင်ခဲ့ပါတယ်။
မင်းသွေးရဲ့ နာမည်အရင်းက နေမင်းအောင်ဖြစ်ပြီး သရုပ်ဆောင်နေတိုးရဲ့ ညီအရင်း ဖြစ်ပါတယ်။ အနုပညာလောကထဲကို အစ်ကိုဖြစ်သူ နေတိုး အောင်မြင်ပြီးနောက်ပိုင်း ဝင်ရောက်ခဲ့တာ ဖြစ်ပေမယ့် မင်းသွေးက သူ့လိုင်းသူ ဖောက်ကာ အောင်မြင်အောင် ကြိုးစားခဲ့ပါတယ်။ အဆိုတော် ဖော်ကာ၊ ညီမင်းခိုင်တို့နဲ့လည်း ဂီတလှုပ်ရှားမှုများအတူ ပူးပေါင်းပြီး လုပ်ဆောင်နေသူလည်း ဖြစ်ပါတယ်။
မင်းသွေးက သရုပ်ဆောင်ပိုင်းသာမက အဆိုပိုင်းပါ ဝါသနာပါတဲ့အတွက် “ထိုးစစ်” ဆိုတဲ့ တကိုယ်တော် တေးစီးရီးကို ၂၀၁၇ ခုနှစ်အတွင်းက ထွက်ရှိခဲ့ပါတယ်။ ဗီဒီယိုဇာတ်ကားတွေမှာ ပါဝင်သရုပ်ဆောင်ခဲ့ရင်း အစ်ကိုဖြစ်သူနဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေမှာပါ တွဲဖက် သရုပ်ဆောင်ခဲ့ပါတယ်။
မင်းသွေးဟာ ရခိုင် တိုင်းရင်းသားတဦးဖြစ်ပြီး ရခိုင်မှာ နယ်စပ်လုံခြုံရေးအတွက် ခြံစည်းရိုး ခတ်တာနဲ့ ပတ်သက်လို့လည်း ဖျော်ဖြေပွဲတွေလုပ်ပြီး အလှူငွေကောက်ခံကာ လှူဒါန်းခဲ့တဲ့ အနုပညာရှင်ပါ။ ၂၀၁၈ ခုနှစ်အတွင်း မင်းသွေး သရုပ်ဆောင်ထားတဲ့ “မုန်းစွဲ” နဲ့ “သတ်ကွင်း” စတဲ့ ရုပ်ရှင်ဇာတ်ကားများ ရုံတင်ပြသခဲ့ပါတယ်။
ကိုသားထွေး
“ပန်းရဲ့လမ်း” အဖွဲ့ရဲ့ Band Leader တဦးဖြစ်သူ ကိုသားထွေးဟာ ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာ ၆ ရက်နေ့က ရန်ကုန်မြို့၊ အောင်ရတနာဆေးရုံမှာ ဆေးကုသမှု ခံယူရင်း ကွန်လွန်ခဲ့တာ ဖြစ်ပါတယ်။ ကိုသားထွေးဟာ အသည်းရောဂါနဲ့ ကွယ်လွန်ခဲ့တာ ဖြစ်ပြီး ကွယ်လွန်ချိန်မှာတော့ အသက် ၅၆ နှစ်အရွယ် ရှိပြီလို့ သိရပါတယ်။
အဆိုတော် သားထွေးဟာ “လွတ်လပ်၊ ငြိမ်းချမ်း ပန်းရဲ့လမ်း” အဖွဲ့ကို ဦးရဲလွင်နဲ့အတူ ဖွဲ့စည်းတည်ထောင်ခဲ့ပြီး တိုင်းရင်းသား စစ်ဘေးရှောင်ဒေသများအတွက် မြန်မာပြည်အနှံ့ ငြိမ်းချမ်းရေးသီချင်းများ သီဆိုကာ ရန်ပုံငွေရှာ ဖျော်ဖြေပေးခဲ့ပါတယ်။
ဦးခင်ဇော်
ဝါရင့် ဒါရိုက်တာကြီး ဦးခင်ဇော်ဟာ ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၃ ရက်နေ့က ကွယ်လွန်ခဲ့ပြီး သူဟာ ဒါရိုက်တာ မိုက်တီး၊ သရုပ်ဆောင် ချစ်ချစ်ဇော်၊ လင်းဇာနည်ဇော်တို့ရဲ့ ဖခင် ဖြစ်ပါတယ်။ ဦးခင်ဇော်ဟာ ကွယ်လွန်ချိန်မှာ အသက် ၉၁ နှစ် အရွယ်ရှိပြီ ဖြစ်ပြီး ရုပ်ရှင်လောကအတွက် ဒါရိုက်တာကောင်း တယောက် ဆုံးရှုံးသွားတာကြောင့် အနုပညာလောကသားများအနေနဲ့ စိတ်မကောင်းဖြစ်ခဲ့ကြရပါတယ်။
ဒါရိုက်တာ ဦးခင်ဇော်ဟာ “ကေသီပန်” ရုပ်ရှင်ထုတ်လုပ်ရေးရဲ့ ပဲ့ကိုင်ရှင် တဦးဖြစ်ပြီး သူရိုက်ကူးခဲ့တဲ့ ရုပ်ရှင်ဇာတ်ကားများဟာ အောင်မြင်မှုများရရှိခဲ့သလို ပရိသတ်များကလည်း နှစ်သက်စွာ အားပေးခဲ့ကြပါတယ်။
လားရှိုးသိန်းအောင်
စတူဒီယို ခေတ်ဦး အဆိုတော်ကြီး လားရှိုးသိန်းအောင်ဟာ ဒီဇင်ဘာလ ၂၈ ရက်နေ့က အမေရိကန်ပြည်ထောင်စု၊ တက္ကဆပ်ပြည်နယ်၊ ဟူစတန်မြို့မှာ ဒေသစံတော်ချိန် ည ၂ နာရီခွဲ အချိန်က နှလုံးရောဂါနဲ့ ကွယ်လွန်သွားခဲ့ပါတယ်။ သူ့ကို ၁၉၄၆ ခုနှစ်မှာ မွေးဖွားခဲ့တာဖြစ်ပြီး ကွယ်လွန်ချိန်မှာတော့ သူဟာ အသက် ၇၂ နှစ် အရွယ်ရှိပြီ ဖြစ်ပါတယ်။
အဆိုတော် ဂျင်မီဂျက်(ခေါ်) လားရှိုးသိန်းအောင်ဟာ ၁၉၇၂ ခုနှစ်မှာ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီကို လက်မခံနိုင်ဘဲ စွန့်စားလိုတဲ့ ဝါသနာအတွက် တောခိုသွားခဲ့ပြီး အမေရိကန်နိုင်ငံမှာ ဂီတလုပ်ငန်း အပါအဝင် ပရဟိတ လုပ်ငန်းများလုပ်ကိုင်ရင်း အမေရိကန်နိုင်ငံသူ တဦးနှင့် အိမ်ထောင်ကျကာ သမီးတယောက်၊ သား ၂ ယောက် ရရှိခဲ့ပါတယ်။
လားရှိုးသိန်းအောင်ဟာ ”နှုတ်မဆက်နဲ့ ငိုချင်တယ်”၊ “မုန်းမုန်းမေ့မေ့” ၊ ”စက်ခေါင်းအမှတ် ၀၀၉” စတဲ့ တေးသီချင်းများစွာနဲ့ နာမည်ကြီးပြီး သူ့ရဲ့ ကိုယ်ပိုင် သီချင်းတွေဟာ တခေတ်တခါမှာ အောင်မြင်ခဲ့ရုံသာမက ဒီနေ့ခေတ်မှာလည်း ပရိသတ်အကြိုက်နဲ့ ထပ်တူကျနေဆဲပါ။ လားရှိုးသိန်းအောင် ကွယ်လွန်မှုဟာ ဂီတလောကအတွက် နှမြောတသဖွယ် ဆုံးရှုံးမှုတခုပါပဲ။