ဒီနေ့မှာ အိမ်တွင်းပုန်း လုပ်မယ့်သူတွေအတွက် အပျင်းပြေစေမယ့်အပြင် ကြည့်လိုက်တာနဲ့ တန်တယ်ဆိုတဲ့ ခံစားချက်မျိုးရစေတဲ့ ဇာတ်ကား ၂ ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ အတော်လေး ဇာတ်အိမ်ကောင်းပြီး ကြည့်ရှုသင့်တဲ့ ဇာတ်ကားတွေဆိုလည်း မမှားပါဘူး။ သေချာတာကတော့ ကြည့်ရင်းနဲ့ ပျင်းတယ်ဆိုတဲ့ ခံစားချက်ကို မေ့သွားစေမှာပါ။
(၁) Badhaai Ho
ပထမဇာတ်ကားက ဘောလိဝုဒ်ကား Badhaai Ho ပါ။ “Badhaai Ho” ရဲ့အဓိပ္ပာယ်က “ဂုဏ်ယူပါတယ်”တဲ့။ ဒီကားထွက်လာတဲ့အချိန်မှာပဲ အပြုသဘောဆောင်တဲ့ မှတ်ချက်တွေနဲ့အတူ စီးပွားရေးအရ တွက်ခြေကိုက်တဲ့ ဇာတ်ကားတကား ဖြစ်ခဲ့ပါတယ်။ ဒါ့အပြင် Highest-grossing Bollywood Films of 2018 မှာ စာရင်းဝင်ခဲ့ပါတယ်။ ပေါ့ပေ့ါပါးပါး မိသားစု ဟာသကားလေးပါ။
ဇာတ်လမ်းအကျဉ်းကတော့ အသက် ၂၅ နှစ်အရွယ နာခူလ်ဆိုတဲ့ ကောင်လေးဟာ သာမန် အလယ်အလတ်တန်းစား မိသားစုထဲက သားတယောက်ပါ။ ပြီးတော့ အတည်တကျ အလုပ်နဲ့ ချစ်သူ တယောက် ပိုင်ဆိုင်ထားပါတယ်။ ဒါ့အပြင် နေရာတကာ ပွဲခံတတ်တဲ့ အဘွားကလည်း သူတို့ မိသားစုနဲ့အတူ နေထိုင်ပါတယ်။ အဘွားအိုက ဒီဇာတ်လမ်းမှာ စာရေးသူ သဘောအကျဆုံးသူပါ။
တနေ့ သူတို့အိမ်ကို ဧည့်သည် သေးသေးလေးတယောက် ရောက်လာတော့မယ် (နာခူလ့် အမေက ကိုယ်ဝန်ရနေပြီ) ဆိုတဲ့ စကားကြောင့် နာခူလ်တယောက် အရှက်ကြီး ရှက်နေပါတယ်။ အသက်ကြီးမှ ကလေးမွေးတဲ့ မိဘကြောင့် ရှက်နေတဲ့ နာခူလ် ဘာတွေ ဆက်ဖြစ်မလဲ သိချင်ရင် ဇာတ်ကားမှာ ဆက်လက်ကြည့်ရှုဖို့ တိုက်တွန်းချင်ပါတယ်။ IMDb Rating (8.2) ရှိတာကြောင့် ဇာတ်ကားကောင်း တကား ဖြစ်တယ်ဆိုတာ အသေအချာပါပဲ။
(၂) Departures
ကဲ ရယ်ပြီးရင်တော့ သင့်ကိုအတွေးတခု ထည့်ပေးမယ့် ဂျပန် ဇာတ်ကားကောင်း တကား “Departures” အကြောင်းပြောပြချင်ပါတယ်။ ထွက်ခွာသူတွေကို ပို့ဆောင်ပေးရတာဟာ လွယ်ကူတဲ့ အလုပ်မျိုးတော့ မဟုတ်ပါဘူး။ ဇာတ်လမ်းအကျဉ်းက Daigo ဟာ Cello တီးခတ်တဲ့သူအဖြစ် အသက်မွေးချင်သူ တယောက်ပါ။
တနေ့ သူဈေးကြီးပေးဝယ်ထားတဲ့ Cello အကြွေး မကျေခင်မှာဘဲ သူတို့တီးဝိုင်း ဖျက်သိမ်းလိုက်တဲ့အခါ မွေးရပ်မြေကိုပြန်ပြီး အသက်မွေးဝမ်းကြောင်းအတွက် အလုပ်တခု ရှာဖို့ဖြစ်လာပါတယ်။ သူရှာလိုက်တဲ့ အလုပ်က အင်မတန် မွန်မြတ်တဲ့ အလုပ်တခုဖြစ်ပြီး တော်ရုံသူတွေ မလုပ်ဆောင်နိုင်ဘူးဆိုတာ သူသဘောပေါက်လာတဲ့အခါ…။
ဒီဇာတ်ကားဟာ ဆူညံတဲ့ ဂီတသံတွေ မပါဘဲ အေးအေးငြိမ့်ငြိမ့်နဲ့ သင့်ကို ဇာတ်ကားထဲဆွဲခေါ်သွားမှာပါ။ ဒါ့အပြင် ဇာတ်ဝင်ခန်း တခုမှာတော့ ၅ မိနစ် နောက်ကျလို့ ကာစတမ်မာကို တောင်းပန်တဲ့ အခန်းမျိုးက ဂျပန်တွေ ဘယ်လောက်တောင် အချိန်တန်ဖိုးထားလဲ ဆိုတာပါ တွေးမိပါသေးတယ်။ ပြီးတော့ သူတို့အလုပ်ကို ပစ်စလက်ခတ်မလုပ်ဘူးဆိုတာမျိုးကို သေချာကြည့်ရင် သဘောပေါက်မှာ ဖြစ်ပါတယ်။
ဒီဇာတ်ကားဟာ ၂၀၀၉ ခုနှစ်တုန်းက Academy Award For Best Foreign Language Film ရရှိထားသလို ဂျပန်နိုင်ငံမှာလည်း ဆုတွေများစွာ ရရှိအောင် စွမ်းဆောင်ပေးခဲ့တဲ့ ဇာတ်ကားကောင်း တကားပါ။ IMDb Rating (8.1) ရှိတာကြောင့် ထပ်ညွှန်းဖို့ မလိုလောက်အောင် ကောင်းတယ်ဆိုတာ အသေချာပါပဲ။
ကဲ ပိတ်ရက်မှာ နားနားနေနေ အိမ်မှာနေသူတွေအတွက် ဒီဇာတ်ကားကောင်း ၂ ကားနဲ့ တနေ့တာကို ဖြတ်သန်းကြည့်ဖို့ တိုက်တွန်းလိုက်ပါတယ်။