အီရန်နိုင်ငံရဲ့ နိုင်ငံပိုင် ရုပ်သံလိုင်း IRIB ဒေသဆိုင်ရာ အကြီးအကဲတဦးဟာ တင်းကြပ်တဲ့ ဆင်ဆာစည်းမျဉ်းတွေကို ကျော်လွန်ပြီး မင်းသားဂျက်ကီချန်းရဲ့ လိင်အသားပေး ဇာတ်ဝင်ခန်းတခုကို မဖြတ်မတောက်ဘဲ ထုတ်လွှင့်ခဲ့တဲ့အတွက် အလုပ်ထုတ်ခံခဲ့ရတယ်လို့ သိရပါတယ်။
ဒေသတွင်း မီဒီယာများရဲ့အဆိုအရ အီရန်နိုင်ငံရဲ့ Kish Island ဒေသမှ ကြည့်ရှုသူတွေဟာ ၂၀၀၉ ခုနှစ်မှာ ဖြန့်ချိခဲ့တဲ့ Shinjuku Incident ရုပ်ရှင်မှာ ပြည့်တန်ဆာတဦးနဲ့ လိင်ပျော်ပါးနေတဲ့ မင်းသား ဂျက်ကီချန်းရဲ့ ဇာတ်ဝင်ခန်းတွေကို ထုတ်လွှင့်ခဲ့လို့ ထိတ်လန့်အံ့သြခဲ့ကြရတာပါ။ ဒါဟာ အမျိုးသားနဲ့ အမျိုးသမီးတို့ဟာ ဖန်သားပြင်ပေါ်မှာ လက်ဆွဲနှုတ်ဆက်တာမျိုးကိုတောင် ခွင့်မပြုတဲ့ အီရန်နိုင်ငံရဲ့ ပုံမှန်ကန့်သတ်ချက်တွေထက်တောင် ကျော်လွန်နေခဲ့တာပါ။
အဲဒီရုပ်ရှင်ရဲ့ ပြကွက်ဗီဒီယိုကို ပရိသတ်တဦးက အွန်လိုင်းပေါ်မှာ တင်ခဲ့ပြီးတဲ့နောက် လျင်လျင်မြန်မြန်တုံ့ပြန်မှုတခု ရှိလာခဲ့ပါတယ်။ ISNA သတင်းအေဂျင်စီက “Kish IRIB ကနေပြသခဲ့ပြီး ဂျက်ကီချန်းပါဝင်ထားတဲ့ ရုပ်ရှင်တခုရဲ့ မလျော်ကန်တဲ့ ဇာတ်ဝင်ခန်း ဗီဒီယိုတွေဟာ ဆိုရှယ်မီဒီယာမှာ ပျံ့နှံ့နေပါတယ်။ IRIB ရဲ့စည်းမျဉ်းတွေနဲ့ သွေဖီဆန့်ကျင်နေတဲ့ အဲဒီဇာတ်ဝင်ခန်းတွေဟာ Kish မှာရှိတဲ့ IRIB ဝန်ထမ်းတချို့ကို ရှုတ်ချထုတ်ပယ်တဲ့အထိ ဖြစ်စေခဲ့ပါတယ်”လို့ပြောဆိုခဲ့ပါတယ်။
ယင်းဖြတ်ချခံခဲ့ရတဲ့ ဝန်ထမ်းတွေထဲမှာ အထွေထွေညွှန်ကြားရေးမှူးလည်း ပါဝင်တယ်လို့ ဆိုပါတယ်။ တီဟီရန်မြို့မှာရှိတဲ့ အာဇက်တက္ကသိုလ်က ကျောင်းသား ၁၀ ယောက်သေဆုံးခဲ့ရတဲ့ ဘတ်စ်ကား မတော်တဆမှု ဖြစ်စဉ်အပြီးမှာ ဘယ်သူမှ အလုပ်ထုတ်မခံခဲ့ရတာကိုလည်း အီရန်နိုင်ငံသား တချို့က ဒေါသတကြီး တုံ့ပြန်ထားကြပါတယ်။
Twitter အသုံးပြုသူတဦးက “ဘတ်စ်ကားက ပက်လက်လန်သွားတယ်။ လေယာဉ် ပျက်ကျတယ်၊ သင်္ဘောမြုပ်တယ်။ ဘယ်သူမှ အလုပ်ထုတ်မခံရဘူး။ IRIB မှာ ဂျက်ကီချန်းရဲ့ အချစ်ရေး ဇာတ်ဝင်ခန်းစက္ကန့် အနည်းငယ်ကြောင့် အဲဒီအပိုင်းကို တာဝန်ယူထားတဲ့ ဝန်ထမ်းတွေ အလုပ်ထုတ်ခံခဲ့ရတယ်”လို့ ရေးသားခဲ့ပါတယ်။
Ref:asiaone