Entertainment

အလှအပအတွက် ဘာမှ ထပ်ခွဲစိပ် ပြုပြင်ချင်စိတ် မရှိတော့တဲ့ ကျော်ထက်အောင်

ကိုရီးယားနိုင်ငံမှာ နှာခေါင်းခွဲစိတ် ပြုပြင်မှု လုပ်ထားတဲ့ Myanmar Idol အစီအစဉ် တင်ဆက်သူ ကျော်ထက်အောင်ကတော့ မျက်နှာအလှအပအတွက် နောက်ထပ် ဘာမှ ထပ်ခွဲစိတ် ပြုပြင်ချင်စိတ် မရှိတော့ဘူးလို့ ဆိုပါတယ်။

“ထပ်ပြင်ချင်တာ မရှိပါဘူး။ကျနော့် ခန္ဓာကိုယ်တခုလုံးမှာ ဘာမှပြင်ချင်စရာ မရှိတော့ပါဘူး။ ကြိုက်နှစ်သက်သွားပြီ။ သူများတွေကပြောရင်တော့ ဒါအင်တာဗျူးဖြေနေလို့ ပြောတာလို့ ပြောမှာပေါ့။ တကယ် ကျနော့်စိတ်ရင်းအမှန်က ပြင်လိုက်ရင် ဘာအရသာ ခံစားရမလဲ၊ ဘယ်လို ဖြစ်မလဲ၊ အဲဒါကို သိချင်တာ။ ဆေးလိပ် စမ်းသောက်သလို၊ အရက် စမ်းသောက်သလိုပေါ့။ အခုတော့ လုပ်ဖူးသွားပြီ။ ကျေနပ်သွားပြီပေါ့”လို့ ကျော်ထက်အောင်က ဧရာဝတီကို ပြောပါတယ်။

ကျော်ထက်အောင်ရဲ့ မျက်နှာခွဲစိပ်ပြုပြင်ထားမှုအပေါ် ပရိသတ်ရဲ့ တုန့်ပြန်မှုကို မေးကြည့်တဲ့အခါ အခုလို ဆိုပါတယ်။

“တော်တော်ဆိုးပါတယ်။ တော်တော်ကို မကြိုက်ကြတာပါ။ လုပ်ခါစက ယောင်တာကလည်း ယောင်နေသေးတယ်။ ကျနော်ကလည်း ယောင်နေတဲ့အတိုင်း ပွဲတက်တာဆိုတော့ တော်တော်ကြည့်ရဆိုးတာပေါ့။ ငှက်လိုလို၊ ကာတွန်းရုပ်လိုလိုနဲ့။ အဲဒါကြောင့်ပရိသတ်ကအားမရတာပေါ့။ နဂိုမျက်နှာက ချစ်စရာကောင်းရဲ့သားနဲ့ဆိုပြီး နှမြောကြတာပါ။ ကြာလာတော့လည်း အခု အစ်မတို့ Result မြင်တဲ့အတိုင်း နဂိုအတိုင်းပါပဲ။ ဘာမှပြောင်းလဲသွားတာမရှိပါဘူး”လို့ ကျော်ထက်အောင်က ဆိုပါတယ်။

အနုပညာရှင်များသာမက အပြင်လူများကပါ မျက်နှာအလှအပအတွက် ခွဲစိပ်မှုများပြုလုပ်လာခြင်းအပေါ် အမြင်ကိုလည်း အခုလို ဆိုပါတယ်။

“နံပါတ် ၁ အချက်က သာမန်လူဆိုလည်း ကျနော် လုပ်ကြည့်မှာ။ စမ်းကြည့်ချင်တဲ့ စိတ်ပေါ့။ အသစ်အဆန်း တခုပေါ့နော်။ သူများတွေက ပြောကြတယ်။ စပွန်ဆာရလို့ လုပ်ကြတယ်လို့ ပြောတယ်။ မဟုတ်ဘူး။ ကိုယ့်ဘာသာဆိုလည်း ကိုယ်စမ်းကြည့်မှာ။ စပွန်ဆာရလို့ ကျနော်ဖွင့်ပြောလိုက်ရတာ မှန်တယ်။ဒါပေမဲ့ ကိုယ်ပိုက်ဆံနဲ့ ကိုယ်လုပ်ရင် ပြောချင်မှပြောမှာ”

“ကိုယ့်ပိုက်ဆံနဲ့ကိုယ် လုပ်ပြီး မပြောတဲ့သူတွေလည်း တပုံကြီးပါ။ ထုတ်မပြောဘဲနဲ့ လှသွားတယ်၊ ပြောင်းလဲသွားတယ် ဆိုတာမျိုးက သူတို့ပြုပြင်ပြီး အယောင်ကျသွားမှ ထွက်လာတာမျိုး မလို့ပေါ့ ။အဲလိုပုံစံမျိုးပေါ့ အလှအပရေးရာတွေ လုပ်လာကြတယ်ဆိုတာလည်း မိမိဆန္ဒပဲ၊ တသီးပုဂ္ဂလ ခံယူချက်နဲ့ အများကြီး ဆိုင်တယ်။ မလုပ်ခင်က သေချာစဉ်းစား၊ နောင်တမရဖို့အရေးကြီးတယ်”

“ပြီးတဲ့အခါ ထွက်ပေါ်လာတဲ့ Result ကို ကိုယ်ဘယ်လိုလက်ခံမလဲ။ အဲဒီထွက်ပေါ်လာတဲ့ Result ကို လက်ခံတယ်ဆိုရင် အများက လက်ခံလိမ့်မယ်။ ကိုယ်ကိုယ်တိုင်က လက်မခံဘူး ဆိုရင် ဘယ်သူမှ လက်ခံမှာ မဟုတ်ဘူး။ ပြီးတော့ ကိုယ်မကြိုက်ဘူးမလား။ ကိုယ့်မှာ ပိုက်ဆံရှိရင် အချိန်မရွေး ပြန်ပြင်လို့ရတယ်။ ဆီလီကွန်တို့ ဘာတို့ဆိုတာမျိုးကတော့ ဆယ်စုနှစ် တခုတိုင်ပြီးဆိုရင် နှာခေါင်းဆိုလည်း နှာခေါင်းထဲက ပြန်ထုတ်ရတယ်။ အဲလိုမျိုးပေါ့။ ခံယူချက်နဲ့ပဲ ဆိုင်ပါတယ်”လို့ ကျော်ထက်အောင်က ဆိုပါတယ်။

ကျော်ထက်အောင်က ၂၀၁၉ နှစ်သစ်မှာ ပြုလုပ်မယ့် Plan တွေနဲ့ပတ်သက်လို့လည်း ပိုပြီးကောင်းအောင်လုပ်သွားမယ်လို့ ဧရာဝတီကို ဆိုပါတယ်။

“၂၀၁၉ ခုနှစ်ရဲ့အဓိက Plan တွေကတော့ ပိုပြီးတော့ကောင်းအောင် ဘယ်လိုလုပ်မလဲ။ ပရိသတ်နဲ့ပိုပြီး ဘယ်လိုထိတွေ့မလဲ။ ကျနော်ရဲ့ ချစ်လှစွာသော Fan တွေအတွက် ဘယ်လို ပိုအချိန်ပေးမလဲ။ ပြီးလို့ရှိရင် မီဒီယာတွေနဲ့ ဘာလုပ်ရမလဲဆိုတဲ့ စိတ်ကူးတွေ ရှိနေတယ်။ ပြီးရင် စာအုပ်တွေဖတ်၊ ရုပ်ရှင်တွေကြည့်မယ့် အစီအစဉ်တွေရောပေါ့” လို့ ကျော်ထက်အောင်က ဆိုပါတယ်။

ကျော်ထက်အောင်က နှစ်သစ်မှာ “ကိုယ်ပွား”ဆိုတဲ့ ရုပ်ရှင်ကားကြီ းစရိုက်မှာဖြစ်ပြီး နှစ်ကိုယ်ခွဲ ဇာတ်ရုပ်ကို ပထမဆုံ းသရုပ်ဆောင်ရမယ့်ကားလည်း ဖြစ်တယ်လို့ ဆိုပါတယ်။

“ဇာတ်သဘောအရတော့ ဒီထဲမှာ ဂီတသမားတယောက် ပါတယ်လို့ပဲ အခြေခံ ထားပါတယ်။ သီချင်းတပုဒ်လောက်ကို အောင်မြင်တယ်။ အဲဒီတပုဒ်နဲ့ အောင်မြင်ပြီးတော့ ရှိုးပွဲတွေ ပတ်ဆိုကြတယ်။ ပြီးတော့မှ Alblum တခွေ ထပ်ထွက်ထားတယ်ဆိုတဲ့ လူငယ်အုပ်စု ပုံစံပေါ့။ ဒါပေမဲ့ သူ့ရဲ့ကြိုးစားတဲ့ဟာကို ရိုက်ပြတာ မဟုတ်တော့ဘဲ ပါးပါးလေး ပုတ်ထားတဲ့သဘောမျိုးပဲ”

“ဒါပေမဲ့လည်း တကယ့်ဇာတ်ကောင်ရဲ့ကာရိုက်တာကို မိစေချင်တဲ့ သဘောတရားကြောင့်အဖွင့် Scence မှာကတည်းက ငွေကုန်ကြေးကျအကုန်ခံပြီးတော့ Stage Show အစစ်အတိုင်း Lighting, အသံ၊ ပရိသတ်၊ Stage ကအစ အကုန်လုပ်မှာ။ အဖွင့် Scene မှာကတည်းက ပရိသတ်ကိုဆွဲခေါ်မှာပေါ့”လို့ ကျော်ထက်အောင်က ဆိုပါတယ်။

ကျော်ထက်အောင်က အိမ့်ချစ်နဲ့ တွဲပြီး သီဆိုထားတဲ့ သီချင်းတပုဒ်ကိုလည်း အွန်လိုင်းမှာ တင်ထားပါတယ်။ သီချင်းနဲ့ပတ်သက်တဲ့ အတွေ့အကြုံတွေကိုလည်း သူက အခုလိုပြောပြပါတယ်။

“ကျနော့်အစ်ကို ကိုယ်တိုင်က အရင်က Bass ဂစ်တာတီးတဲ့သူ။ ယောက်ဖကလည်း Lazy Club က ကိုနိုင်ဇော်။ အဲဒီအခါကျတော့ Music နဲ့သိပ်တော့ မဝေးကြဘူး။ အရင်တုန်းကတော့ အရမ်းဝါသနာပါတယ်။ ဝါသနာပါရုံ အဆင့်ပေါ့။ နားထောင်သူ သက်သက်ပေါ့။ တကယ့်တကယ် ဆိုမယ်လည်းဆိုရော အရမ်းခက်တာ။ ကျနော့် အစ်ကိုဆို ကျနော့်ကို မတီးပေးချင်ဘူး။ key မဝင်လို့ ငယ်ငယ်က ခေါက်ခံရတယ်”

“ခရီးသွားငါးယောက်ပေါ်တဲ့ ခေတ်ကပေါ့။ အဲဒီသီချင်း သူတီးလို့လိုက်ဆိုတာ နင်ဆိုတာ သပ်သပ်စီတဲ့။ မတီးပေးတော့ဘူးတဲ့။ အဲဒီလို။ ကာရာအိုကေဆိုရင်လည်း ဌာန်ကရိုဏ်းက မကျဘူး လိုက်အော်နေတာပေါ့။ တရားဟောမှပဲ ရမှာပါ ဒီအသံက။ မိုနိုဆိုရင်တော့ ပိုကောင်းမှာပေါ့နော်။ ကိုဖိုးသောကြာတို့လိုမျိုး ဆိုရမှာပေါ့။ တကယ်တော့ အဲဒီလိုမျိုးကြပြန်တော့လည်း ကိုယ်ကမြန်မာသံက မကျွမ်းကျင်ပြန်ဘူးလေ”လို့ ကျော်ထက်အောင်က ပြောပါတယ်။

ကျော်ထက်အောင်က ဒီနှစ် သြင်္ကန်အတွက် သြင်္ကန်သီချင်း တပုဒ်လည်း ပြင်ဆင်နေပြီး အွန်လိုင်းကနေလည်း သီချင်းတွေဆိုပြီး ထပ်တင်မယ်လို့ ဆိုပါတယ်။

Loading