Entertainment

အမှန်တရားနဲ့ နေထိုင်ခဲ့တဲ့ စာရေးဆရာတယောက် (သို့မဟုတ်) "Manto"

Want create site? Find Free WordPress Themes and plugins.

ဒီတခါမှာတော့ IMDB Rating (7.5) အထိ ရရှိထားတဲ့ ဘောလိဝုဒ်ဇာတ်ကားကောင်းတကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီရုပ်ရှင်ဇာတ်ကားကို ဒါရိုက်တာ Nandita Das က ကိုယ်တိုင် ရေးသား ရိုက်ကူးထားတာဖြစ်ပြီး Biography,Drama ရုပ်ရှင်အမျိုးအစား ဖြစ်ပါတယ်။

ဒီဇာတ်ကားမှာတော့ မင်းသား Nawazuddin Siddiqui, Tahir Raj Bhasin နဲ့ မင်းသမီး Rasika Dugal တို့က အဓိက ပါဝင်သရုပ်ဆောင်ထားကြပါတယ်။

ဇာတ်လမ်းအကျဉ်းကတော့ Manto ဟာ အိန္ဒိယနိုင်ငံရဲ့ ၁၉၄၀ ပြည့်နှစ်ကာလတွေမှာ နာမည်ရ စာရေးဆရာတဦးပဲ ဖြစ်ပြီး သူ့ရဲ့အရေးအသားတွေကြောင့်လည်း တရားရုံးကို အိမ်ဦးနဲ့ကြမ်းပြင်လို မကြာခဏရောက်ရသူပါ။

ပြည့်တန်ဆာတွေရဲ့ ခက်ခဲကြမ်းတမ်းတဲ့ ဘဝတွေနဲ့ ၁၉၄၀ နှစ်ကာလတွေမှာ အမျိုးသမီးတွေအပေါ် ခွဲခြားဆက်ဆံခံရမှုတွေကို အသားပေးရေးသားမှုတွေကြောင့် တရားရုံးကို မကြာခဏ ရောက်ရှိနေရသူ Manto ကို သူငယ်ချင်းဖြစ်သူ Shyam က သတိပေးနေပေမယ့် စာပေအပေါ် ခံယူချက်ပြင်းထန်လှတဲ့ Manto ကတော့ လက်မခံခဲ့ပါဘူး။

ဒီလိုနဲ့ မူဆလင် လူမျိုးတယောက်ဖြစ်တဲ့ Manto ဟာ အိန္ဒိယနိုင်ငံကြီး လွတ်လပ်ရေးရပြီး နှစ်ပိုင်း ကွဲသွားချိန်မှာတော့ သူချစ်ရတဲ့ ဘုံဘေမြို့ကို ထားခဲ့ပြီး ပါကစ္စတန်ကို ထွက်ခွာခဲ့ရပါတော့တယ်။ ဘာသာရေးနဲ့လူမျိုးရေး အဓိကရုဏ်းတွေကြားထဲမှာ အိန္ဒိယနိုင်ငံရဲ့ မြင်ကွင်းအစုံစုံကို တွေ့မြင်ကြည့်ရှုကြရမှာဖြစ်ပြီး စာရေးဆရာ Manto ရဲ့ ဘဝအနိမ့်အမြင့်အတက်အကျတွေကိုလည်း တွေ့မြင်ခံစားကြရမှာပါ။

Manto ဟာ အိန္ဒိယဘက်မှာ နေစဉ်ကာလက အိန္ဒိယရဲ့ လူမှုဒုက္ခအစုံစုံကို ရေးခဲ့သလိုပဲ။ ပါကစ္စတန်ဘက်ရောက်တဲ့အခါမှာလည်း ပိုမိုများပြားလှတဲ့ ဒုက္ခအဖုံဖုံကို ထိမိတဲ့အရေးအသားတွေနဲ့ ရေးသားမှုကြောင့်ပဲ တရားရုံးကို ထပ်မံရောက်ရှိခဲ့ ရပါတယ်။

ဘုံဘေမှာ ကျန်ခဲ့တဲ့ သူငယ်ချင်းတွေနဲ့ အဆက်အသွယ်ဖြတ်ပြီး ပါကစ္စတန်ဘက်မှာ ဒုက္ခပြသနာပေါင်းစုံနဲ့ ကျင်လည် နေထိုင်နေခဲ့တဲ့ Manto ရဲ့ ဘဝဇာတ်လမ်းအပြင် သူ့ရဲ့နာမည်ကျော်ဝတ္ထုတိုတွေကိုပါ ပုံဖော်ရိုက်ကူးထားတာတွေကို ကြည့်ရှုခံစားကြရမှာပါ။

ဒီဇာတ်လမ်းဟာ တခြားသော ဘောလိဝုဒ်ကားတွေနဲ့ မတူဘဲ နာမည်ကျော်စာရေးဆရာတယောက်ရဲ့ ဘဝဇာတ်ကြောင်းကို ရိုက်ကူးထားတာဖြစ်တဲ့အတွက် ဇာတ်လမ်းကတော့ အနည်းငယ် အေးပါတယ်။ စာရေးဆရာ Manto ရဲ့ဘဝဇာတ်ကြောင်းကို မင်းသား Nawazuddin Siddiqui ရဲ့ပီပြင်တဲ့ သရုပ်ဆောင်မှုတွေနဲ့ ကြည့်ရမှာ ဖြစ်တာကြောင့် ရုပ်ရှင်ချစ် ပရိသတ်တွေအတွက် ညွှန်းဆိုပေးလိုက်ပါတယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading