တောင်ကိုရီးယား အမျိုးသားအဆိုတော်အဖွဲ့ BTS ဟာ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်အတွင်း အမေရိကန်နိုင်ငံမှာ အဆိုတော် Eminem ပြီးရင် Album အချပ်ရေ အများဆုံးရောင်းချရတဲ့ အဆိုတော်ဖြစ်လာခဲ့ကြောင်း အချက်အလက်များမှာ တွေ့ရပါတယ်။
Buzz Angle Music ကနေ ကောက်ယူထားတဲ့ အမေရိကန်ဂီတ လုပ်ငန်းသုံးစွဲမှုဆိုင်ရာ ၂၀၁၈ အစီရင်ခံစာမှာ ပြီးခဲ့တဲ့နှစ်က BTS အဖွဲ့ဟာ အယ်လ်ဘမ် အချပ်ရေ ၆ သိန်းကျော် ရောင်းချခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။ Eminem ကတော့ အယ်လ်ဘမ် အချပ်ရေ ၇ သိန်းခွဲကျော် ရောင်းချထားရတာပါ။
BTS အဖွဲ့ရဲ့အယ်လ်ဘမ် ရောင်းအားဟာ အင်္ဂလိပ်စကားပြော ဂီတအဆိုတော် နှစ်ဦးဖြစ်တဲ့ Justin Timberlake နဲ့ Ed Sheeran တို့ထက် ကျော်လွန်ခဲ့တာ တွေ့ရပါတယ်။ Justin Timberlake ရဲ့ အယ်လ်ဘမ်ရောင်းအားက ၄ သိန်း ၃ သောင်းကျော်ရှိပြီး Ed Sheeran ရဲ့ ရောင်းအားက ၄ သိန်းကျော် ရှိနေပါတယ်။
BTS အဖွဲ့ဟာ ပြီးခဲ့တဲ့နှစ်မှာ အယ်လ်ဘမ် နှစ်ချပ်ဖြန့်ချိခဲ့ပါတယ်။ “Love Yourself: Tear” နဲ့ “Love Yourself: Answer”တို့ ဖြစ်ပါတယ်။ အဲဒီ နှစ်ချပ်လုံးဟာ Billboard ရဲ့ အယ်လ်ဘမ် ၂၀၀ စာရင်းမှာ ထိပ်ဆုံးကို ရောက်ခဲ့ပါတယ်။ ဒါဟာ တနှစ်တည်းမှာ နံပါတ် ၁ နေရာကို နှစ်ခါရောက်ခဲ့ဖူးတဲ့ ဂီတပညာရှင် အနည်းငယ်တည်းက တဖွဲ့လည်း ဖြစ်လာပါတယ်။
တတိယမြောက် ရောင်းအားအကောင်းဆုံး အယ်လ်ဘမ် အဆိုရှင်က အမေရိကန်အဆိုတော်နဲ့သီချင်းရေးဆရာ Chris Stapleton ရဲ့ အယ်လ်ဘမ်ဖြစ်ပြီး အချပ်ရေ ၅ သိန်း ၇ သောင်းကျော် ရောင်းချထားရပါတယ်။
အဲဒီ အနောက်မှာတော့ အမေရိကန် Heavy Metal တီးဝိုင်း Metallica ကစတုတ္ထနေရာမှာ အယ်လ်ဘမ် အချပ်ရေ ၅ သိန်း ၃ သောင်းကျော် ရောင်းချထားရပါတယ်။ BTS အဖွဲ့ဟာ Buzz Angle Music ရဲ့ ထိပ်တန်းအနုပညာရှင်ဇယားမှာ နံပါတ် ၁၅ နေရာမှ ာရှိနေတာပါ။ အဲဒီဇယားမှာတော့ Drake က ထိပ်ဆုံးကနေ ဦးဆောင်နေပါတယ်။
Ref : Yonhap