ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိရုပ်ရှင် ရိုက်ကူးဖို့ အကောင်းဆုံး အကူအညီ အထောက်အပံ့တွေရရှိထားပြီဖြစ်လို့ ဒီရုပ်ရှင်ဟာ နိုင်ငံတကာအဆင့်မီ ရုပ်ရှင်ဖြစ်ဖို့ အာမခံတယ်လို့ ဒါရိုက်တာအဖြစ် တာဝန်ယူထားတဲ့ လူမင်းက ပြောပါတယ်။
“ကျနော့်အနေနဲ့လည်း ဒီရုပ်ရှင်ကြီးကို အောင်အောင်မြင်မြင်နဲ့ အကောင်းဆုံးဖြစ်အောင် မြန်မာနိုင်ငံက အနုပညာရှင်တွေ၊ အတတ်ပညာရှင်တွေ၊ ဝန်ကြီးဌာနတွေ အားလုံးပေါင်းပြီးတော့ နိုင်ငံတကာအဆင့်မီ ရိုက်ကူးထုတ်လုပ်ပြီး ဒီရုပ်ရှင်ကြီးကို ပြည်သူလူထုဆီချပြနိုင်လိမ့်မယ်လို့ ကျနော် လုံးဝ ယုံကြည်ပါတယ်”
“ကျနော်တို့ ဘယ်လိုမှ မတတ်နိုင်တဲ့ အပိုင်းဆိုရင် မတတ်နိုင်တာကို မတတ်နိုင်ဘူးလို့ဝန်ခံရမှာပါ။ အဲ့လို အချိန်တွေရောက်ရင်တော့ ဘယ်ပညာရှင်ကိုမဆို ကျနော်တို့ ခေါ်ယူ အသုံးပြုမှာပါ။ ဒီလောက်ကောင်းမွန်တဲ့ အထောက်အပံ့မျိုး ဘယ်တုန်းကမှ မရခဲ့ပါဘူး။ ဒီလောက် အထောက်အပံ့ အကူအညီတွေ ရပြီးတော့မှ နိုင်ငံတကာ အဆင့်မမီရင် ကျနော်တို့ညံ့ရာ ရောက်ပါတယ်”လို့ လူမင်းက ပြောပါတယ်။
လက်ရှိမှာတော့ ဒီအတ္ထုပ္ပတ္တိရုပ်ရှင် ဇာတ်ညွန်းအပိုင်း ၁၁၆ ပိုင်း ရေးသား ပြီးစီးသွားပြီး သမိုင်းပညာရှင်တွေထံ အတည်ပြုပေးဖို့ အပ်နှံထားတယ်လို့ လူမင်းက ဆိုပါတယ်။
“ကျနော်တို့ လတ်တလော အခက်အခဲဆုံးအပိုင်းက ဇာတ်ညွှန်းရေးသားခြင်းပဲ ဖြစ်ပါတယ်။ အကြောင်းအရာ အချက်အလက်အားလုံးက တကယ်ဖြစ်ရပ်မှန် အထောက်အထားတွေကို အခြေခံပြီးတော့ ဇာတ်ညွှန်းပြုစုရတာ ဖြစ်တဲ့အတွက် ကျနော်တို့က အခန်းစဉ်ပြီးတာနဲ့အမျှ သမိုင်းသုတေသနပညာရှင်တွေနဲ့ ထပ်ခါတလဲလဲ အပြန်အလှန် စိစစ်ရပါတယ်။ အခုဆိုရင် ဇာတ်ညွန်းအပိုင်း ၁၁၆ ရေးသားပြီးပါပြီ”
“ဇာတ်ညွန်းအပိုင်း ၁၁၆ ကိုလည်း သမိုင်းသုသေသီတွေဆီကနေ အတည်ပြုချက်တောင်းထားပါတယ်။ ကျနော်တို့ စာနယ်ဇင်းရှင်းပွဲကနေဖြစ်ဖြစ် အွန်လိုင်းစာမျက်နှာပေါ်ကနေ ဖြစ်ဖြစ် ရိုက်ကူးရက်ကို ကြေညာပါ့မယ်။ အခုကတော့ ကျနော်တို့ ရိုက်ကွင်း Schedule ကို ထုတ်နိုင်တဲ့ အခြေအနေ မရှိသေးပါဘူး။ ဇာတ်ညွှန်းကို လက်ရှိရှေ့ပြေးအနေနဲ့ ရေးသားနေတာ ဘုဏ်းသိုက်နဲ့ အောင်ကြီးက လူငယ်ပီပီ အတွေးရဲရဲ၊ အရေးရဲရဲနဲ့ ရေးသားနေတာကို နောက်ကလူကြီးတွေက ဝန်းရံပြီးတော့ ရေးနေကြပါတယ်”လို့ လူမင်းက ပြောပါတယ်။
“အဝတ်အစားပိုင်းကိုလည်း လွဲမှားမှု မရှိအောင်လည်း ကျနော်တို့ နီးစပ်တယ်ဆိုပြီး လွယ်လွယ်ကူကူနဲ့ ဖြစ်အောင်လုပ်လိုက်တာမျိုး လုပ်မှာ မဟုတ်ပါဘူး။ အဲ့လို လုပ်လိုက်မယ် ဆိုပြီး စဉ်းစားထားတာလည်း မရှိပါဘူး။ ခက်ခဲပါလိမ့်မယ်။ ခက်ခဲတာကိုပဲ ကြိုးစားပြီး လုပ်သွားမှာပါ”လို့လူမင်းက ဆိုပါတယ်။
ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိရုပ်ရှင်ကို ကျပ်သိန်းပေါင်း ၁၅၀၀၀ အကုန်ကျခံ ရိုက်ကူးမှာဖြစ်ပြီး ၂၀၁၉ ခုနှစ် ဒီဇင်ဘာမှာပြသနိုင်ဖို့ ရည်မှန်းထားပေမယ့် ဇာတ်ကားအရည်အသွေး ပိုကောင်းအောင် အစည်းအဝေးဆုံးဖြတ်ချက်နဲ့ အချိန်ထပ်မံ တိုးယူရမယ်လို့ ဆိုပါတယ်။