လူမှုကွန်ရက်စာမျက်နှာပေါ်တွင် ရယ်စရာဟာသဗီဒီယိုများကြောင့် ပရိသတ်ကသိရှိလာခဲ့ပြီးနောက်မှာ ရုပ်ရှင်ဇာတ်ကားများမှာပါ ဟာသသရုပ်ဆောင်အနေနဲ့ ပါဝင်လာခဲ့တဲ့ ဂျိုကာကတော့ ၂၀၁၉ ခုနှစ်ထဲမှာတော့ သူပါဝင်သရုပ်ဆောင်ထားတဲ့ ရုပ်ရှင်ဇာတ်ကားများရုံတင်သွားဖို့ရှိတယ်လို့ ပြောပါတယ်။
“၂၀၁၉ ထဲမှာ ပထမဆုံးလမှာတော့ “ဟောက်စား”ရုပ်ရှင် ရုံတင်မယ်။ နောက်ပြီးတော့ “Lady boy” လည်းတင်မယ် ကြားတယ်။ “သူစိမ်းအိမ်”ထဲမှာလည်း ဧည့်သည်သရုပ်ဆောင်အနေနဲ့ပါထားတယ်။ အဲဒီကားလေးလည်း သြင်္ကန်အပြီးလောက်တင်မယ်ကြားတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကိုယ်ပါတဲ့ကားလေးတွေ ၂၀၁၉ ထဲမှာတင်မယ် လို့ကြားတော့ ကျနော့်ကိုအားပေးမယ့် Fan တွေအနေနဲ့ကတော့ ကြားရဦးမှာပေါ့” လို့ ဂျိုကာက ပြောပါတယ်။
၂၀၁၉ ခုနှစ်မှာ ပထမဆုံးရုံတင်ပြသမယ့် ဟောက်စားရုပ်ရှင် ဇာတ်ကားမှာလည်း မြင့်မြတ်နဲ့ ၂ယောက်ပေါင်းပြီး ဟောက်စားပုံစံမျိုး သရုပ်ဆောင်ထားတယ်လို့ သိရပါတယ်။
“ကာရိုက်တာကတော့ ကျနော်က ရွာထဲမှာ တော်တော်ကြောက်ကြရတဲ့ ငမွှေပေါ့။ သူခိုးလိုလည်းဖြစ်နေတယ်။ တခုခုပစ္စည်းတွေပျောက်ရင် ကျနော့်ကြောင့်လိုပဲဖြစ်နေတယ်။ နောက်တော့ ထောင်ထဲမှာ ကိုမြင့်မြတ်နဲ့တွေ့ပြီး ပြန်ထွက်လာတဲ့အခါမှာ ၂ယောက်ပေါင်းပြီး ရွာကိုဟောက်စားပြန်လုပ်မယ်ဆိုတဲ့အထာနဲ့ သရုပ်ဆောင်ထားပါတယ်” လို့ ဂျိုကာက ပြောပါတယ်။
တချို့သော မြန်မာရုပ်ရှင်ဇာတ်ကားတွေကို ပေါကားများ ၊ ဂျင်းကားများလို့ ပြောကြတဲ့အပေါ်မှာတော့ ဟာသသရုပ်ဆောင်တယောက်အနေနဲ့ ရိုက်ကူးနေတဲ့ ဂျိုကာရဲ့အမြင်ကိုလည်း အခုလိုပြောပြခဲ့ပါတယ်။
“အဲဒါမျိုးတွေတော့ မပြောချင်ဘူး။ ကျနော်တို့တွေက ဇာတ်ကားကို ဇာတ်ကားလိုပဲကြည့်မယ်။ ပေါ့ပေါ့ပါးပါး လေးသွားကြမယ်။ ကျန်တာတွေက သူ့ဘာသာဆုံးဖြတ်သွားလိမ့်မယ်။ ကျနော်တို့လည်း မီနူးအသစ်တွေ ပေးပေးနေတာပေါ့။ တနှစ်နဲ့တနှစ်မတူအောင် တမျိုးပြီးတမျိုးမတူဘဲ စားစေချင်တဲ့ မီနူးလေးတွေ ပြောင်းပြောင်းပြီး ပေးနေတယ်လို့ပဲ ပြောချင်ပါတယ်” လို့ ဂျိုကာက ပြောပါတယ်။
တချို့သော မကောင်းတာပြောတဲ့ ကောမန့်တွေကိုတော့ လိုက်ခံစားမနေဘဲ လျစ်လျူရှုလိုက်ပြီး အဲဒါတွေကို ခံစားနေရင်တော့ အလုပ်လုပ်လို့ရတော့မှာမဟုတ်ဘူးလို့ ဂျိုကာက ပြောပါတယ်။
“ကောမန့်တွေကို ခံစားတတ်လားဆိုရင်တော့ ကောမန့်တွေကို လိုက်ဖီးလ်နေရင် ကျနော်အလုပ်ဘယ် လုပ်ရတော့မလဲ။ ယူစရာရှိတာကို ယူတယ်။ ဝေဖန်တာကိုလက်ခံတယ်။ တိုက်ခိုက်တာမျိုးကိုဆိုရင်တော့ လျစ်လျူရှုလိုက်ပါတယ်” လို့ ဂျိုကာက ပြောပါတယ်။
ဂျိုကာကတော့ အဆိုတော်ရဲလေးနဲ့ အသက် ၄နှစ်ကွာတဲ့ ညီတယောက်ဖြစ်ပြီး အစ်ကိုဖြစ်သူနဲ့တွဲဖက်ပြီးတော့လည်း YLJK Entertainment ဆိုတဲ့နာမည်နဲ့ ပရိုဂရမ်များကိုလည်း ရိုက်ကူးလျက်ရှိပါတယ်။