ဇာတ်ပို့ သရုပ်ဆောင် တယောက်အနေနဲ့ အကယ်ဒမီ ရရှိပိုင်ဆိုင်ထားတဲ့ အကယ်ဒမီ ဝါဝါအောင်ကတော့ ကျန်းမာရေးကောင်းနေသရွေ့ အကယ်ဒမီပေးပွဲတက်ဖို့ စိတ်ကူးထားတယ်လို့ ဧရာဝတီကို ပြောပါတယ်။
“အကယ်ဒမီက ဒီနှစ်က ကိုယ့်အတွက် မဟုတ်ပေမယ့်လည်း ကိုယ့်အနုပညာရှင် မောင်နှမတွေ လုပ်ဖော်ကိုင်ဖက်တွေအတွက်တော့ အမြဲတမ်း ရင်ခုန်နေတာပါ။ အဲဒီတော့ အန်တီဝါ ကျန်းမာရေး ကောင်းနေသရွေ့၊ သွားနေ လာနေနိုင်နေသရွေ့တော့ အကယ်ဒမီပွဲဆိုတာကြီးကို တက်ဖို့အတွက် စိတ်ကူးထားပါတယ်”လို့ ဝါဝါအောင်က ပြောပါတယ်။
ယခုနှစ်မှာတော့ သူ့အတွက် အကယ်ဒမီ ရင်ခုန်သံအနေနဲ့ကတော့ ဟာသကားတွေ များနေပြီး ဒရာမာအနေနဲ့ တကားသာ ပါတဲ့အတွက် တခြားသူများအတွက်သာ ရင်ခုန်ပေးဖို့ ရှိတယ်လို့ ဆိုပါတယ်။
“ဒီနှစ်အတွက် ရုပ်ရှင်ဇာတ်ကားတွေကိုတော့ အကုန်လုံးကို ကြိုက်ပါတယ်။ ဒါပေမဲ့ တကားမှ မကြည့်ဖြစ်ဘူး။ ကိုယ်ပါတဲ့ ကားတွေကိုတောင် ပရက်ရှိုးပဲကြည့်ဖြစ်တယ်။ အန်တီဝါကားဆို ဒီနှစ်မှာ ၁၂ ကား ပါတယ်။ ဟာသကားက ၁၁ ကား ရှိတယ်။ ဒရာမာဆိုလို့ “အနမ်းဝိုင်”တကားပဲ ရှိပါတယ်”
“ကိုယ်ကြည့်တဲ့ကားတွေက ဟာသကားပဲ များပါတယ်။ ကျန်တဲ့ကားတွေကတော့ ပရိသတ်အရရော အန်တီဝါတို့ အနုပညာရှင်အချင်းချင်း ပြောတာအရရော ကားကောင်းတွေ အများကြီးရှိတယ်လို့ သိရပါတယ်”လို့ ဝါဝါအောင်က ပြောပါတယ်။
နောက်ထပ် အကယ်ဒမီများကို ရရင် လိုချင်ပေမယ့် ရိုက်ခွင့်ရတဲ့ ရုပ်ရှင်ဇာတ်ကားများမှာ လုပ်ခွင့်ရသလောက်သာ လုပ်ရတာဖြစ်ရနေတဲ့အတွက် အကယ်ဒမီ ရနိုင်မယ့် ဇာတ်ကားများ ရိုက်ကူးခွင့်ရပါစေလို့ ဆုတောင်းနေရကြောင်း ဝါဝါအောင်က ပြောပါတယ်။
“နောက်ထပ် အကယ်ဒမီကိုတော့ ရရင် လိုချင်ပါတယ်။ ရိုက်ခွင့်ရတဲ့ကား လုပ်ခွင့်ရတဲ့ကားကို ရိုက်ကူးနိုင်ပါစေလို့ အန်တီဝါ ဆုတောင်းနေတာပါ” လို့ ဝါဝါအောင်က ပြောပါတယ်။
တချို့သော ဟာသကားများမှာ လူပုဂ္ဂိုလ်တချို့ကို ထိခိုက်နစ်နာစေတဲ့ စကားလုံးများ၊ အပြုအမူများ ပါဝင်နေတဲ့ အပေါ်မှာ ဟာသကားများစွာမှာ ပါဝင်သရုပ်ဆောင်တဲ့ သရုပ်ဆောင်တယောက်အနေနဲ့ ခံစားချက်ကိုလည်း အခုလိုပြောပြခဲ့ပါတယ်။
“အန်တီဝါတို့အနေနဲ့ကတော့ ရုပ်ရှင်ကို ဖျော်ဖြေမှု သက်သက်အနေနဲ့ ရိုက်ကူးကြတယ်။ သရုပ်ဆောင်ကြတယ်။ ဒိုင်ယာလော့တွေ ပြောကြတာပါ။ ဘယ်သူ့ကိုမှ သာစေနာစေ ဆိုတဲ့ အတွေးမျိုး မရှိကြပါဘူး။ ပရိသတ်အတွက် သဘောကျစေမယ့် ပရိသတ် ရယ်ရမယ့် ကြည်နူးသွားကြပါစေတော့ဆိုပြီး တင်ဆက်ကြတာပါ။ ဆင်ဆာဘက်မှာရှိတဲ့ စည်းမျဉ်းစည်းကမ်းတွေကိုတော့ မသိတဲ့အတွက် ပြောမပြတတ်ပါဘူး” လို့ ဝါဝါအောင်က ပြောပါတယ်။
လတ်တလောမှာတော့ ဒါရိုက်တာ ဇမ္မူထွန်းသက်လွင်ရိုက်ကူးတဲ့ “တုနိုင်းမရတဲ့ မေတ္တာ” ရုပ်ရှင်ဇာတ်ကားနဲ့ အာကာရုပ်ရှင်ထုတ်လုပ်ရေးက ရိုက်ကူးနေတဲ့ ဇာတ်လမ်းတွဲမှာ ပါဝင်သရုပ်ဆောင်နေတယ်လို့ သိရပါတယ်။