ဟောလိဝုဒ်ရုပ်ရှင် လောကအကြောင်း ပြောရင် မပါမဖြစ်တာကတော့ စတန့်သမားတွေပါ။ မင်းသား မင်းသမီးတွေဟာ မသေချာတဲ့ စတန့်အခန်းတွေမှာ ကိုယ်တိုင် သရုပ်ဆောင်ဖို့အထိ မစွန့်စားလိုကြပါဘူး။ ဒီအတွက်လည်း သူတို့ကို အပြစ်ပြောလို့ မရပြန်ပါဘူး။
သူတို့ဟာ သူတို့ရဲ့ အသက်ရှင်နေထိုင်မှုကို သေချာမှု ရှိအောင်တော့ စတန်သမားတွေကို သုံးရတာပါပဲ။ စွန့်စားရတာကို ကြိုက်တဲ့ စတန့်သမားတွေတချို့ဟာ သရုပ်ဆောင်တွေနဲ့ အမြွှာတွေလို့ ထင်ရလောက်အောင်ကို တူတဲ့သူတွေ ရှိနေပါတယ်။
(၁) Margot Robbie နဲ့ Ingrid Kleinig (Suicide Squad)
Margot ကို ခပ်ကြမ်းကြမ်းဇာတ်ရုပ်တွေမှာ သရုပ်ဆောင်တဲ့ မင်းသမီးလို့ ပရိသတ်တွေက တင်စားကြပါတယ်။ သူမရဲ့ စတန့်သမားဖြစ်တဲ့ Ingrid ကလည်း သူမကို အရှိန်မြင့်ပေးတဲ့ သူတယောက်လို့ ဆိုနိုင်ပါတယ်။ သူတို့နှစ်ယောက်ဟာ ရုပ်ရည်နဲ့ ခန္ဓာကိုယ်ဖွဲ့စည်းပုံခြင်းလည်း တော်တော်လေး တူတဲ့သူနှစ်ဦး ဖြစ်ပါတယ်။
(၂) Chris Hemsworth နဲ့ Bobby Holland Hanton (Thor)
မင်းသား Chris Hemsworth နဲ့ တူဖို့ဆိုတာ တော်တော်မဖြစ်နိုင်တဲ့ ကိစ္စပါ။ ဒါပေမဲ့ စတန့်သမားဖြစ်တဲ့ Bobby ကတော့ Chris Hemsworth နဲ့ ခန္ဓာကိုယ်ဖွဲ့စည်းပုံခြင်း အရမ်းတူတဲ့ သူဖြစ်ပါတယ်။ စတန့်သမား Bobby က “Chris က အစကတည်းက ခန္ဓာကိုယ်ကြီးတဲ့သူလေ။ ကျနော်က သူ့ကို မီအောင် တနေ့ကို နှစ်ခေါက် လေ့ကျင့်ရေးဆင်း ရတယ်” လို့ ဆိုပါတယ်။
(၃) Dwayne Johnson နဲ့ Tanoai Reed (Faster)
The Rock လို့ လူသိများတဲ့ နဘန်းသမားကြီးမှာ ဘာလို့ စတန့်သမားရှိနေတာလဲလို့ မေးခွန်းထုတ်စရာရှိပါတယ်။ ဒါပေမဲ့ ဒီစတန့်သမားဟာ The Rock ရဲ့ စတန့်သမားအဖြစ် သရုပ်ဆောင်ပေးတာ ၁၆ နှစ်ကျော်ခဲ့ပါပြီ။ သူတို့ နှစ်ဦးဟာ လုပ်ဖော်ကိုင်ဖက် ဆိုတာထက် ညီအစ်ကိုတွေလိုတောင် ဖြစ်နေပြီလို့ The Rock က ဆိုပါတယ်။ မကြာသေးခင်ကလည်း The Rock က သူ့ရဲ့ စတန့်သမားကို ကားတစီး လက်ဆောင်ဝယ်ပေးခဲ့ပါသေးတယ်။
(၄) Gal Gadot နဲ့ Caitlin Dechelle (Wonder Woman)
Wonder Woman နေရာမှာ သရုပ်ဆောင်တဲ့ Gal Gadot ဟာ ကိုယ်တိုင်လည်း ကိုယ်ခံပညာကို ကျွမ်းကျင်သူ ဖြစ်ပါတယ်။ ဒါပေမဲ့ သူမရဲ့ စတန့်သမားနဲ့ သူမဟာ ပိုပြီး ပြည့်စုံတဲ့ တိုက်ခိုက်ခန်းတွေကို သရုပ်ဆောင်တဲ့ နေရာမှာ အတွဲညီလွန်းလှတယ်လို့ လူတိုင်းက ချီးမွမ်းလေ့ ရှိကြပါတယ်။
Ref ; stunt