ကမ္ဘာကျော် မင်းသမီး ဖန်ဘင်းဘင်းဟာ တရုတ်အနုပညာလုပ်ငန်းထဲ ပြန်အခြေချတော့မှာလားဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာပါတယ်။
တရုတ်ဆိုရှယ်မီဒီယာ Weibo မှာ ပြီးခဲ့တဲ့နှစ်က အခွန်ရှောင်မှုကြောင့် ပရိသတ်တွေ ရှေ့ကနေ ကွယ်ပျောက်နေခဲ့တဲ့ မင်းသမီးရဲ့ ဓာတ်ပုံတွေ ထွက်ပေါ်လာခဲ့ပြီး အသက် ၃၇ နှစ်အရွယ် မင်းသမီးဟာ မျက်မှန်ကြော်ငြာတခုမှာ ပါဝင်နေခဲ့တာကို တွေ့ရပါတယ်။
သူ့ရဲ့ ထိုင်းပရိသတ်တွေ တင်ထားခဲ့တဲ့ Instagram ပို့စ်မှာတော့ ၂၀၁၉ ခုနှစ်တွက် မျက်မှန်ဒီဇိုင်း ဆိုပြီး ဖော်ပြထားတာတွေ့ရပါတယ်။ ဒါပေမဲ့ မင်းသမီးဟာ ဘယ်ကုမ္ပဏီအတွက် ကြော်ငြာပေးနေတယ်ဆိုတာကို ရှင်းရှင်းလင်းလင်း မသိရပေမယ့် သူဟာ မျက်မှန် ကုမ္ပဏီတခုကို ပိုင်ဆိုင်ထားတယ်ဆိုတဲ့ သတင်းတွေလည်း ရရှိထားပါတယ်။
Weibo မှာ တင်ထားတဲ့ အကြောင်းအရာအရ အဲဒါဟာ ကြော်ငြာပဲ ဖြစ်ဖြစ်၊ ဘာပဲ ဖြစ်ဖြစ် မင်းသမီးဟာ သူ့ရဲ့ မူရင်းလက်ငုပ် အနုပညာလောကထဲကို လာမယ့် မတ်လမှာ ပြန်လည်ခြေချဖို့ ဟန်ပြင်နေတယ်လို့ ဆိုကြပြီး ပရိသတ်တွေအားလုံးကတော့ မင်းသမီးဖန်ကို ထောက်ခံအားပေးနေတာကို တွေ့ရပါတယ်။
ဝင်ငွေတရုတ်ယွမ် သန်း ၃၀၀ နဲ့ ၂၀၁၇ ခုနှစ် တရုတ်နိုင်ငံမှာ ထိပ်တန်းဝင်ငွေ အများဆုံး အနုပညာရှင်အဖြစ် Forbes မဂ္ဂဇင်းကနေ ဖော်ပြခံခဲ့ရတဲ့ မင်းသမီးဟာ ပြီးခဲ့တဲ့နှစ်မှာပဲ အခွန်ရှောင်မှုကြောင့် အာဏာပိုင်တွေကနေ ယွမ် ၈၈၃ သန်း ဒဏ်တပ်တာကို ခံခဲ့ရပါတယ်။
သူဖမ်းဆီးခံလိုက်ရပြီဆိုတဲ့ သတင်းတွေထွက်ခဲ့သလို လူမြင်ကွင်းကနေလည်း ၄ လလောက် ပျောက်ကွယ်သွားခဲ့ပါတယ်။ တချို့အင်တာနက် အသုံးပြုသူတွေကတော့ မင်းသမီးဟာ ထောင်ချခံရမယ့်အရေးကို ကံကောင်းစွာနဲ့ ရှောင်လွှဲနိုင်ခဲ့ပေမယ့် အဲဒီ ဒဏ်ငွေအပြင် အခြားဖော်ပြမထားတဲ့ ပြစ်ဒဏ်တွေလည်း အာဏာပိုင်တွေက ချမှတ်နိုင်တယ်လို့ အချို့သတင်းတွေမှာ ဆိုပါတယ်။
Ref : asiaone