မိတ်ကပ်ပညာရှင် ခင်စန်းဝင်းကတော့ မိတ်ကပ်ပညာရှင်များကို ပွဲထုတ်ရိုက်ကူးတဲ့ “ကျားကျားကြောက်ကြောက်” ရုပ်ရှင်ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်မှာ ဖြစ်ပြီး ဒီဇာတ်ကားမှာ ဒါရိုက်တာက ဟာသတွေလုပ်ခိုင်းမှာ စိုးရိမ်ကြောင်း ဧရာဝတီကို ဆိုပါတယ်။
“မကြီး ဇာတ်ကားတွေလည်း ရိုက်ဖို့ ရှိတယ်။ Happy Trip ကို လင်းလင်းတို့၊ သုသုတို့၊ မထက်တို့၊ မြင့်မြတ်တို့၊ ထွန်းထွန်းတို့နဲ့ ရိုက်ဖို့ မကြီးကိုပြောထားတယ်။ ဟာသကားလေးပေါ့။ ခင်စန်းဝင်းအပြင်မှာ ဘယ်လိုပုံ ရှိတယ်။ ပရိသတ်သိပြီးသားဆိုတော့ သိပ်စိုးရိမ်တာတော့ မရှိပါဘူး။ ဒါရိုက်တာနဲ့တော့ ညှိထားတယ်။ ဟာသတွေ မလုပ်ခိုင်းဖို့ပေါ့”
“အပြင်မှာလည်း လျှပ်ပေါ်လော်လီအောင် သိပ်မနေတဲ့သူဆိုတော့ ဟာသတွေလုပ်ခိုင်းမှာတော့ စိုးရိမ်တယ်။ အခက်အခဲကတော့ မကြီးက ဟာသ မလုပ်တတ်ဘူး။ ဒါပေမဲ့ မကြီးက အရမ်းအရယ်သန်တော့ ဇာတ်လမ်းမှာ သူများ အနှောင့်အယှက်ဖြစ်မှာတော့ စိုးရိမ်တယ်။ ဖက်ရှင်ပိုင်း သီးသန့်တော့လုပ်မှာ မဟုတ်ဘူး။ ဝတ်နေကျတိုင်းပဲ ဝတ်မယ်” လို့ မိတ်ကပ် ခင်စန်းဝင်းက ဆိုပါတယ်။
ဗီဒီယိုဇာတ်ကားတွေ ရိုက်ကူးပြီး သရုပ်ဆောင်ပိုင်းမှာ ပရိသတ်အားပေးမှု ရရှိထားတဲ့ ခင်စန်းဝင်းက မကြာခင်မှာလည်း “အမြ” ဆိုတဲ့ ဇာတ်လမ်းကို သရုပ်ဆောင်ပြီး ရိုက်ကူးဖို့ ရှိတယ်လို့ ဆိုပါတယ်။
“ဆရာဦးဝင်းငြိမ်း ပြောတဲ့ “အမြ” ဆိုတဲ့ ဇာတ်ကို မကြီ းအရမ်းရိုက်ချင်တယ်။ ဒီကားက လုပ်ကွက်လည်း ရမယ်။ ကိုယ့်အတွက် မှတ်တမ်းလည်း ကျန်မယ့်ကားလေးလို့ ပြောလို့ရတယ်။ ဆရာကြီး လူထုဦးလှရဲ့ ဝတ္ထုပေါ့။ ဈေးကွက် အခြေအနေအရ လက်ရှိ ဥပဒေနဲ့ စည်းမျဉ်းစည်းကမ်းအရ ရုပ်ရှင်သမားတွေအနေနဲ့ ခက်ခဲတယ်လေ”
“ရောင်းဖို့ ဝယ်ဖို့ စီးပွားဖြစ်ဖို့ ခက်ခဲတဲ့ အခါကျတော့ ဇာတ်ကားအခြေအနေကို ကြည့်ပြီး ရိုက်ဖို့ စောင့်နေပါတယ်။ ဇာတ်ကားအခြေအနေ ကောင်းတယ်ဆိုရင်တော့ ရိုက်ဖြစ်မယ်လို့ ထင်တယ်။ မလုပ်ဖူးသေးတဲ့ ကာရိုက်တာဆိုတော့ လုပ်ကြည့်ချင်တယ်”လို့ ခင်စန်းဝင်းက ဆိုပါတယ်။
မြန်မာဇာတ်ကားတွေမှာ မိတ်ကပ်ပညာရှင်တွေ သရုပ်ဆောင်နေတာနဲ့ ပတ်သတ်ပြီး ဝေဖန်မှုများရှိနေပေမယ့် ချစ်တဲ့ ပရိသတ်တွေအတွက် ရိုက်ကူးဖြစ်တာလို့ ခင်စန်းဝင်းက ဆိုပါတယ်။
“မကြီးတို့ အင်တာဗျူးတွေ အောက်မှာ လာမန့်ထားတဲ့သူတွေ ရှိတယ်။ မြန်မာ့ရုပ်ရှင်မှာ ဂေး လွှမ်းမိုးနေပြီတို့၊ ဘာတို့ပြောကြတယ်။ ဝေဖန်တိုက်ခိုက်ပြီး မကောင်းမြင်တဲ့သူလည်း ရှိရင် ရှိမှာပါ။ အဲ့ဒါက လူနည်းစုပါ။ အမှန်တိုင်းပြောရင်တော့ မမှားပါဘူး။ ဒါပေမဲ့ ကိုယ့်ကို ချစ်တဲ့ ပရိသတ်တွေအတွက်လည်း မကြီးတို့ လုပ်ပေးတာပေါ့”
“မကြီးကတော့ လူမှန်းသိတတ်စထဲက ကိုယ့်ကိုယ်ကို မိန်းမတယောက်လို့ ခံယူထားတယ်။ မိန်းမလျာဆိုတာ မိန်းမစိတ်ပေါက်တဲ့သူကို မိန်းမလျာလို့ ခေါ်တယ်။ တချို့ရိုင်းတဲ့ သူတွေကအခြောက်လို့ ခေါ်ကြတယ်။ ကိုယ့်ရဲ့စိတ်နဲ့ ကိုယ့်ခံစားချက်အတိုင်းပဲ ပြောမယ်။ ဝေဖန်တာလည်း မဟုတ်ဘူး။ တိုက်ခိုက်တာလည်း မဟုတ်ဘူး။ ကိုယ့်ကိုယ်ကို မိန်းမလို ခံယူတယ်”
“စိတ်နေစိတ်ထားကအစ မိန်းမတယောက်လို့ ခံယူတယ်။ လက်ရှိမှာလည်း မိန်းမလိုပဲ ခံယူပြီးနေတဲ့အတွက် မိန်းမလျာလောကနဲ့ အရောတဝင် မနေဘူးပေါ့။ မနေဘူးဆိုတာက ခွဲခြားပြီးနေတာတော့ မဟုတ်ဘူး။ မကြီးက မိန်းမလိုဖြစ်နေတော့ နည်းနည်းလေးငြိမ်လွန်းအားကြီးတော့ သူငယ်ချင်းတွေကို အားနာတယ်”လို့ မကြီးစန်းက ပြောပါတယ်။
မိတ်ကပ်ခင်စန်းဝင်းဟာ မိတ်ကပ်လောကမှာ ၂၅ နှစ် ရှိပြီဖြစ်ပြီး ပထမဆုံးအကြိမ် ရိုက်ကူးလိုက်တဲ့ “မကြီးစန်းနှင့် သူ၏ချစ်သူများ” ဗီဒီယို ဇာတ်ကားကနေစပြီး ပရိသတ်အရှေ့ကို သရုပ်ဆောင်တယောက်အဖြစ် ရောက်ရှိလာတာ ဖြစ်ပါတယ်။ အဲဒီနောက် “တနေ့ကျမှ မောင့်ကို ဒီအကြောင်းတွေပြောပြရဦးမယ်” ဆိုတဲ့ ဗီဒီယိုဇာတ်ကားလည်း ထွက်ရှိခဲ့ဲပါတယ်။