Entertainment

"ပျားရည်အိုင်"ဇာတ်လမ်းတွဲ ပြီးသွားမှာ နှမြောနေတဲ့ မေမီကိုကို

Want create site? Find Free WordPress Themes and plugins.

အပတ်စဉ် တနင်္လာနေ့ကနေ သောကြာနေ့ အထိ MRTV 4 ရုပ်သံလိုင်းမှာ ပြသနေတဲ့ “ပျားရည်အိုင်” ဇာတ်လမ်းတွဲဟာ မကြာခင် ရက်ပိုင်းအတွင်း ဇာတ်သိမ်းတော့မှာ ဖြစ်တဲ့အတွက် အဆိုပါ ဇာတ်လမ်းတွဲထဲမှ မြိုင်အဖြစ် သရုပ်ဆောင်ထားတဲ့ သရုပ်ဆောင် မေမီကိုကိုက ဇာတ်လမ်းတွဲပြီးတော့မှာကို နှမြောနေမိတယ်လို့ ပြောပါတယ်။

“ပျားရည်အိုင် ဇာတ်လမ်းတွဲ ပြီးခါနီးပြီဆိုတော့ စိတ်မကောင်းဘူး။ အရှေ့မှာ အပိုင်းတွေ အများကြီးပြီးသွားပြီ ဆိုတော့ တလကျော်ကျော်တောင် ကြည့်ရတာဆိုတော့ ဒီကားကြီးနဲ့ မခွဲချင်ဘူး။ ပရိသတ်တွေတော့ မသိဘူး။ ကိုယ်တိုင်ကတော့ အရမ်းကို နှမြောနေတယ်”လို့ မေမီကိုကိုက ပြောပါတယ်။

စာရေးဆရာမကြီး ခင်နှင်းယုရဲ့ ဝတ္ထုကို ပြန်လည်ပုံဖော် ရိုက်ကူးထားတဲ့ အဆိုပါ “ပျားရည်အိုင်” ဇာတ်လမ်းတွဲကို လူကြိုက်များပြီး အဲဒီဇာတ်လမ်းထဲက အဓိက ဇာတ်ကောင် “မြိုင်”ကိုလည်း ပရိသတ်များက စိတ်ဝင်တစား ကြည့်ရှုကာ ကြိုက်နှစ်သက်လျက် ရှိပါတယ်။

“တကယ် မမျှော်လင့်ထားဘူး။ မြိုင့်ကိုလည်း အရမ်းမုန်းမယ် ထင်ထားတာ။ ဒါပေမဲ့ သရုပ်ဆောင်ပိုင်းဆိုင်ရာကို ကြည့်ပြီးတော့ မြိုင့်ကို ချစ်ပေးတဲ့အတွက် ကျေးဇူး အများကြီးတင်ပါတယ်။ အပြင်နဲ့တော့ ကွဲပြားတယ်။ အပြင်မှာတော့ မေမီက အတ္တ မကြီးပါဘူး။ ဒီထဲမှာက တော်တော် အတ္တကြီးတယ်။ အပြင်ကာရိုက်တာနဲ့ ကွဲပြားဖို့အတွက် ဆရာတွေ သင်ပေးတယ်။ တကယ်တမ်း ရိုက်တဲ့ အချိန်မှာလည်း မေမီ Mood တွေ ဝင်ခဲ့ပါတယ်။ ကိုယ်နဲ့ ဆန့်ကျင်ဘက် ဖြစ်တဲ့အတွက် ပိုပြီး အာရုံစိုက်ဖြစ်တယ်” လို့ မေမီကိုကိုက ပြောပါတယ်။

“ပျားရည်အိုင်” ဇာတ်လမ်းတွဲပြီးရင်တော့ မေမီကိုကို့ကို မြိုင်နဲ့ မတူညီတဲ့ “ငွေပန်းချီ” ဆိုတဲ့ ကာရိုက်တာနဲ့ ပရိသတ်များက မြင်တွေ့ရမှာဖြစ်ပြီး အက်ရှင်ကားဖြစ်တာကြောင့် သေချာပြင်ဆင်ထားတယ်လို့ ပြောပါတယ်။

“နောက်ထပ်ဇာတ်လမ်းတွဲမှာဆိုရင် ငွေပန်းချီဆိုတဲ့ ဇာတ်ကောင်နဲ့ ပြန်လာဖို့ ရှိတယ်။ ငွေပန်းချီက မြိုင်နဲ့ ဆန့်ကျင်ဘက် ကာရိုက်တာ ဖြစ်တဲ့အတွက် ကာရိုက်တာကို ချိုးချထားတယ်။ စိတ်ကိုသေချာသွင်းပြီး သေချာပြင်ဆင် ကြိုးစားထားတယ်။ အက်ရှင်ကားလေးလည်း ဖြစ်တဲ့အတွက် ပရိသတ်တော်တော်ကြီး အရသာရှိမှာပါ”လို့ မေမီကိုကိုက ပြောပါတယ်။

ဇာတ်လမ်းတွဲမှတဆင့် ပရိသတ်ရဲ့ ချစ်ခင်မှုကို ရရှိခဲ့တာကြောင့် ဇာတ်လမ်းတွဲ မင်းသမီ းတယောက်အဖြစ် ခံယူထားလားဆိုတာကိုတော့ မေမီကိုကိုက အခုလိုပြောပြခဲ့ပါတယ်။

“ဇာတ်လမ်းတွဲ မင်းသမီးရယ်လို့တော့ မခံယူထားဘူး။ လောလောဆယ်တော့ Forever နဲ့ စာချုပ်ချုပ်ထားတယ်။ ဇာတ်လမ်းတွေပဲ ရိုက်ဖြစ်နေဦးမယ်။ တခြား လာကမ်းလှမ်းရင်တော့ ရိုက်မှာပါ။ အနုပညာ လုပ်နေသမျှကတော့ ကိုယ့်အတွက် အနုပညာပါပဲ။ ၂၀၁၉ ထဲမှာဆိုရင် ဇာတ်လမ်းတွဲတွေ ထပ်ရိုက်ဖို့ ရှိတယ်။ Casting တွေ ထပ်ဝင်ဖို့ ရှိတယ်။ ရုပ်ရှင်ကားတွေ ကမ်းလှမ်းထားတာတော့ ရှိတယ်။ သေချာရင်တော့ ချပြသွားမှာပါ” လို့ မေမီကိုကိုက ပြောပါတယ်။

မေမီကိုကိုကတော့ အနုပညာလောကထဲကို ဝင်ရောက်လာခဲ့တာ အချိန်အတိုင်းအတာ တခု ရှိပြီဖြစ်သော်လည်း ပရိသတ်များ အနေနဲ့ကတော့ လက်ရှိပြသနေတဲ့ “ပျားရည်အိုင်” ဇာတ်လမ်းတွဲမှာ “မြိုင်” ဆိုတဲ့ ကာရိုက်တာနဲ့ တွဲမြင်ကာ ယခင်က သူမကို မသိခဲ့တဲ့ ပရိသတ်များရဲ့ စိတ်ဝင်တစား ချစ်ခင်မှုကိုလည်း ရရှိလာခဲ့ပါတယ်။

ဆက်စပ် သတင်းလင့်ခ် – နမ်းတဲ့ ဇာတ်ဝင်ခန်းတွေရိုက်ပြီး ကြိတ်ငိုခဲ့ရတဲ့ မြိုင်(သို့မဟုတ်) မေမီကိုကို

Did you find apk for android? You can find new Free Android Games and apps.
Loading