အဆိုတော် Alicia Keys ဟာ မကြာမီကျင်းပတော့မယ့် ဂရမ်မီဆုပေးပွဲမှာ အစီအစဉ် တင်ဆက်သူအဖြစ် ဆောင်ရွက်မှာဖြစ်တယ်လို့ ဇန်နဝါရီ ၁၅ ရက် မနက်ပိုင်းမှာပဲ သူ့ရဲ့ Youtube ချန်နယ်ကနေ တဆင့် ကြေညာခဲ့ပါတယ်။
သူက “ကျမ ၆၁ ကြိမ်မြောက် နှစ်ပတ်လည် ဂရမ်မီဆုပေးပွဲမှာ အစီအစဉ်တင်ဆက်သူ အဖြစ် ဆောင်ရွက်မယ်လို့ ကြေညာရတာ အရမ်းကိုပဲ စိတ်လှုပ်ရှားရပါတယ်” လို့ ပြောဆိုပါတယ်။ ဒါ့အပြင် ဖေဖော်ဝါရီလ ၁၀ ရက်နေ့ ဒေသစံတော်ချိန် ညနေ ၅ နာရီမှာ အားလုံးကို မြင်တွေ့ရဖို့ မစောင့်နိုင်တော့တဲ့ အကြောင်း၊ CBS ရုပ်သံလိုင်းကသာ ထုတ်လွှင့်မယ့်အကြောင်း လည်း ပြောဆိုခဲ့ပါတယ်။
ဂရမ်မီဆုပေးပွဲကို လော့စ်အင်ဂျလိစ်မြို့မှာရှိတဲ့ Staples Center မှာ ဖေဖော်ဝါရီလ ၁၀ ရက်နေ့ကျရင် ကျင်းပတော့မှာပါ။ ကိုယ်တိုင်ပဲ ရိုက်ကူးထားပြီး ၉ မိနစ်ကြာမြင့်တဲ့အဲဒီဗီဒီယိုမှာ ဆိုရင်တော့ Keys ဟာ အခုလိုမျိုး အစီအစဉ်တင်ဆက်သူ အဖြစ် ဆောင်ရွက်ရမယ့်သတင်းကို သူငယ်ချင်းတွေ၊ ဝန်ထမ်းတွေ၊ မိခင်နဲ့ ခင်ပွန်းတို့ကို ပြောကြားနေတာဖြစ်ပါတယ်။ Keys က ဂရမ်မီဆု ၁၅ ကြိမ်ရရှိခဲ့ဖူးသူ ဖြစ်ပါတယ်။
မကြာမီကျင်းပတော့မယ့် ဆုပေးပွဲဆန်ခါတင်စာရင်းမှာလည်း အမျိုးသမီးအဆိုရှင်တွေ များများ ပါဝင်လာတာကိုလည်း သူက ကြိုဆိုခဲ့ပါတယ်။
အဆိုတော်က “ဖန်တီးမှု၊ စွမ်းအားနဲ့ မှော်အစွမ်းတို့ကို ဂုဏ်ယူပြီးတော့ ပြုလုပ်မယ့် အကြီးမားဆုံး ဂီတဆုပေးပွဲမှာ အစီအစဉ် တင်ဆက်သူအဖြစ် ဆောင်ရွက်ရမှာ တကယ့်ကိုပဲ စိတ်လှုပ်ရှားမိပါတယ်။ ဒါ့အပြင် ဒီနှစ်မှာ ထူးခြားတဲ့ အမျိုးသမီးတွေအားလုံး ဆန်ခါတင်စာရင်းမှာ ပါဝင်တာ စိတ်လှုပ်ရှားရပါတယ်။ ဖေဖော်ဝါရီလ ၁၀ ရက်နေ့အတွက် စောင့်မျှော်လိုက်ကြရအောင်” လို့လည်း ပြောဆိုထားပါတယ်။
အမေရိကန်အဆိုတော် Alicia Keys ဟာ အသက် ၁၂ နှစ်အရွယ်မှာ သီချင်းစရေးခဲ့ပြီး အသက် ၁၅ နှစ်အရွယ် မှာပဲ Columbia Records နဲ့စာချုပ်ချုပ်ဆိုနိုင်ခဲ့သူဖြစ်ပါတယ်။ သူဟာ HIV နဲ့ AIDS တို့ကိုတိုက်ဖျက်နေတဲ့ ကိုယ်ကျိုးမဖက် အဖွဲ့အစည်းဖြစ်တဲ့ Keep a Child Alive အတွက် ကမ္ဘာလုံးဆိုင်ရာ သံတမန် ဖြစ်ပါတယ်။
Ref: variety