မကြာခင်မှာ မြန်မာ့ရုပ်ရှင်အကယ်ဒမီ ထူးချွန်ဆုပေးအပ်ပွဲကို ကျင်းပပြုလုပ်တော့မှာ ဖြစ်ပါတယ်။ ဒီပွဲမှာ ထူးထူးခြားခြား စာနယ်ဇင်းများက Star Award ဆိုတဲ့ ဆုကို အနုပညာရှင်များကို ရွေးချယ်ပြီးချီးမြှင့်ပေးသွားမှာ ဖြစ်ပါတယ်။
ဒါပေမယ့် မကြာသေးခင်ကပဲ “ရန်သူ” ရုပ်ရှင်ဇာတ်ကားထုတ်လုပ်ရေးဖြစ်တဲ့ ရွှေစင်ဦးထုတ်လုပ်ရေးက ဒီဆုပေးပွဲကနေ နုတ်ထွက်လိုက်ပြီလို့ သူရဲ့ Facebook Page မှာ ကြေညာလိုက်ပါတယ်။
“Star Award ကျင်းပမယ် ဆိုတဲ့အကြောင်းကို ထုတ်လုပ်သူကိုယ်တိုင်လေးစားရတဲ့ စာနယ်ဇင်းမှ အန်ကယ်ကြီးက Facebook Messenger က တဆင့်လှမ်းပြောပါတယ် စပြောပြောခြင်းပဲ ထုတ်လုပ်သူကလည်း အားတက်သရော ပါဝင်ကူညီမယ့်အကြောင်းပြန်ပြောခဲ့ပါတယ်။ စာနယ်ဇင်းပွဲအပြီး ဆန်ခါတင်ဇာတ်ကားဆိုပြီး စာရင်းထွက်လာတော့ ရွှေစင်ဦးတတိုက်တည်းက ၂၀၁၈ ရုံတင်ဇာတ်ကား ၃ကားရှိနေပါလျှက်နဲ့ နှစ်ကားက ပျောက်ခြင်းမလှပျောက် နေတာတွေ့လိုက်ရတယ်”
“ပျောက်နေတဲ့ဇာတ်ကားနှစ်ကားကလည်း နေတိုးကားတွေဖြစ်နေတဲ့အတွက် ဘယ်လိုရွေးချယ်သလဲဆိုတဲ့ အတွေးကို ဖြစ်စေပါတယ်။ “မုန်းလို့ရရင်မုန်းချင်တယ်” ဇာတ်ကားဆိုရင် ဖယ်ထုတ်လိုက်တယ် ဆိုတာလက်ခံလို့ မရတဲ့ကားဆိုတာကို ပရိသတ်လည်း သိပါတယ်။ ဒါကြောင့်ပဲ ရန်သူကိုလည်းနုတ်ထွက်ဖို့လုံလောက် တဲ့ဆုံးဖြတ်ချက်ကို ချလိုက်တာပါ”လို့ ရွှေစင်ဦးဘက်က ရေးသားထားတာတွေ့ရပါတယ်။

Star awards ဆုကနေ ဇာတ်ကားတွေ နုတ်ထွက်လိုက်တဲ့ အပေါ် Star Awards ဆုရွေးချယ်ရေးကော်မတီဥက္ကဌ ဦးဝင်းငြိမ်းက ဇာတ်ကားတွေ နုတ်ထွက်တော့ အနုပညာရှင်တွေ အတွက်နစ်နာမှုတော့ရှိမယ်လို့ ဧရာဝတီကိုပြောပါတယ်။
“ဇာတ်ကားတွေ နုတ်ထွက်တော့ မပါရုံပဲပေါ့။ ဇာတ်ကားတွေ နုတ်ထွက်တော့ အနုပညာရှင်တွေ အတွက်တော့ နစ်နာမှုတော့ရှိမယ်။ ကျနော်တို့တွေ ပြန်တော့ ဆွေးနွေးတိုင်ပင်ကြပါဦးမယ်။ ကျနော်တို့ ရွေးချယ်ရေးဘက်က ၂၁ ယောက်က ၈၃ကားကို မဲနဲ့ရွေးချယ်တဲ့အခါ ၂၁ကားထွက် လာခဲ့တယ်။ ၂၁ကားကိုကြည့်ပြီးပေးတာပါ” လို့ မြန်မာ့ရုပ်ရှင် Star Awards ဆုရွေးချယ်ရေးကော်မတီဥက္ကဌ ဦးဝင်းငြိမ်းကပြောပါတယ်။
ဆက်လက်ပြီး “ ၂၁ကားကို ကြည့်လည်း ကြည့်နေကြတယ်။ သက်ဆိုင်ရာ ပရိုဂျူဆာတွေကို ကျနော်ကြည့်နေတယ်လို့ အကြောင်းကြားတယ်။ ဇာတ်ကားနဲ့ ပတ်သတ်တဲ့ ပုဂ္ဂိုလ်တချို့က မပါချင်ပါဘူးလို့ ကန့်ကွက်တဲ့အတွက် ကျနော်တို့တွေ မဲစနစ်နဲ့ ထပ်ပြီးရွေးချယ်သွားမှာပါ။ ကျနော်တို့ တော်တော်များများက ကြည့်ပြီးသားကားတွေပါ။ ကျနော်တို့မှာ ကိုယ်ပိုင်ရုံမရှိတော့ ဇာတ်ကားတွေ ကြည့်ဖို့ အခက်အခဲ တွေရှိပါတယ်”
“ အခု နုတ်ထွက်ထားတာကတော့ ၃ကားရှိတယ်။ “သမ္မတကြီးထံပေးစာ”၊ “မုန်းစွဲ” ၊ “ရန်သူ”ဇာတ်ကားတွေကတော့ နုတ်ထွက်ကြောင်း အတိအလင်းပြောထားတယ်”လို့ မြန်မာ့ရုပ်ရှင် Star Awards ဆုရွေးချယ်ရေးကော်မတီဥက္ကဌ ဦးဝင်းငြိမ်းကပြောပါတယ်။
ရန်သူ ရုပ်ရှင်ဇာတ်ကားနုတ်ထွက်သွားတဲ့အတွက် ဒီဇာတ်ကားမှာ ပါဝင်တဲ့ သရုပ်ဆောင်နေမင်းကို ဧရာဝတီက ဖုန်းဆက်မေးမြန်းရာမှာတော့ ဒီသတင်းကို သူ့အနေနဲ့ မသိရှိရသေးကြောင်း ပြန်လည်ဖြေဆိုခဲ့ပါတယ်။