ပရိသတ်ကြိုက်နှစ်သက်တဲ့ ရုပ်ရှင်ဇာတ်ကားတွေကို ပုံဖော် ရိုက်ကူးနေတဲ့ ဒါရိုက်တာ သားညီက အနုပညာလောကထဲ ဒါရိုက်တာ အသစ်တွေ ဝင်ရောက်လာကြတာကို ကြိုဆိုပြီး အတတ်ပညာပိုင်းနဲ့ ပတ်သက်လို့လည်း တော်တဲ့သူတွေဆီမှာ အမြဲ တပည့်ခံတယ်လို့ ဆိုပါတယ်။
“အခုနောက်ပိုင်း ဒါရိုက်တာသစ်လေးတွေ ထွက်ပေါ်လာတာ ကောင်းတာပေါ့။ ကျနော်တို့ထက် သိ၊ တတ်ပြီး သင်တန်းတွေ နိုင်ငံခြားမှာ စနစ်တကျတက် ပြန်လာကြပြီး ကျနော်တို့လောကထဲ ရောက်လာတာ အရမ်းကောင်းပါတယ်။ ကြိုဆိုပါတယ်။ ကျနော်က အမြဲတမ်း ကျနော့်ထက် သိပြီး၊ တော်တဲ့ တတ်တဲ့သူတွေဆီ အမြဲတပည့်ခံတယ်။ ကျနော် မတ်လထဲမှာ ဒါရိုက်တာအသစ်တယောက်နဲ့ ‘လူသတ်ပုံပြင်’လို့ ပေးထားတဲ့ ကားလေးမှာ သရုပ်ဆောင်အနေနဲ့ ရိုက်ဖို့ရှိတယ်”လို့ ဒါရိုက်တာ သားညီက ပြောပါတယ်။
သားညီက လတ်တလောမှာ “ရင်ခွင်ရှင်းတမ်း” ဇာတ်ကားကို ရိုက်ကူးနေပြီး သူရိုက်ကူးထားတဲ့ “လေးပါးကျော့ရှိန် ဝရဇိန်” ဇာတ်ကားကလည်း ရုံတင်တော့မယ်လို့ ဆိုပါတယ်။
“လေးပါးကျော့ရှိန် ဝရဇိန်” ဇာတ်ကားကလည်း ရုံတင်တော့မယ်။ အဲ့ကားလေးကိုလည်း အားပေးစေချင်တယ်။ ကျနေ်ာတို့တွေ ဇာတ်ကားကောင်းတကားဖြစ်အောင် ဂေါ်ရန်ဂျီကျွန်း အလှအပတွေကို သဘာဝကျတဲ့ ဇာတ်ကောင် စရိုက်တွေနဲ့ အကောင်းဆုံး ကြိုးစားပုံဖော် ရိုက်ကူးထားတဲ့ ကားလေးပါ။ လေးပါးကျော့ရှိန်ဝရဇိန်မှာ ကျနော်ပါဝင် သရုပ်ဆောင် ထားပါတယ်”လို့ သားညီက ဆိုပါတယ်။
လတ်တလောမှာ ကော်ပီဇာတ်ကားတွေကို မြန်မာရုပ်ရှင်လောကမှာ တွေ့မြင်ရမှုအပေါ်ကိုလည်း သားညီက သူရဲ့ အမြင်ကို အခုလို ဆိုပါတယ်။
“ကျနော်လည်း ကော်ပီ ကားတွေ ရိုက်ခဲ့ဖူးပါတယ်။ နာမည်ကြီးတဲ့ ကားတွေကို မြန်မာမှုပြုပြီး ရိုက်ခဲ့ဖူးတယ်။ အရမ်းနာမည်ကြီးတဲ့ ကားတွေကို ကော်ပီပြန်ရိုက်ရင်တော့ အန္တရာယ်များတာပေါ့နော်။ သူများနိုင်ငံတွေမှာလည်း ရိုက်ကြပါတယ်။ ခွင့်ပြုချက်လေး တောင်းနိုင်ရင် Credit ထိုးပေးနိုင်ရင် ပိုကောင်းမယ်လို့ ကျနော်ထင်တယ်။ ကျနော် တယောက်တည်း အမြင်ပါ။ ဘယ်သူ မှားတယ်၊ မှန်တယ် မပြောလိုပါဘူး”လို့ သားညီက ပြောပါတယ်။
သားညီဟာ သူ့ဖခင်ဆီက စိတ်ဓာတ် အမွေရခဲ့သလို သူ့ရဲ့ တဦးသော သားဖြစ်သူကို စိတ်ဓာတ် အမွေရခဲ့ပေးမယ်လို့ ဆိုပါတယ်။
“သားလေးက သူ့အမေနဲ့ အနေများတယ်။ ကျနော်က မနက် မိုးလင်းရင်ထွက် မိုးချုပ်မှ ပြန်လာတာ။ ကျနော် ပြန်လာတော့ သူက အိပ်နေပြီ။ သူလိုချင်တာလေးတွေတော့ ဝယ်ပေးဖြစ်တယ်။ သူအမေက ခြောက်တဲ့အခါ ခြောက်၊ ချော့တဲ့အခါ ချော့နဲ့ ထိန်းကျောင်းနေတယ်”
“ကျနော် ဟိုဟာ မလုပ်ရဘူး။ ဒီဟာ မလုပ်ရဘူး ဆိုပြီး မရှိဘူး။ ကျနော် ပေးလုပ်တယ်။ ပြီးမှ ကောင်း လား၊ မကောင်လား ဝေဖန်သုံးသပ်ခိုင်းတယ်။ ဥပမာ မီးပူတယ်။ မီးပူတာကို မယုံဘူး။ မယုံရင် ကိုင်ကြည့်၊ ကိုင်ကြည့်မှ ပူတယ်ဆိုရင် မကိုင်နဲ့ ဆိုပြီး ကျနော် အဲ့လို ဆုံးမတယ်”
“ဆရာသမားက အခုပြောနေတာတော့ ကြီးလာရင် ဘုန်းကြီးဝတ်မယ်လို့ ပြောနေတယ်။ သားကို အမွေပေးနိုင်တာ အကုန်ပေးမယ်။ ပညာအမွေ၊ စိတ်ဓာတ်အမွေ အကုန်ပေါ့။ ကျနော်တို့ မိဘတွေလည်း မချမ်းသာပါဘူး။ အဖေဆီက စိတ်ဓာတ် အမွေရခဲ့တာဆိုလို့ သူများတွေကို အကျင့်မယုတ်ဖို့။ စိတ်စေတနာထားဖို့ ရခဲ့တယ်။ အဲ့တော့ သားကိုလည်း အဲ့လို အမွေပေးမယ်”လို့ သားညီက ဆိုပါတယ်။
ဒါရိုက်တာ သားညီဟာ သရုပ်ဆောင် ဒွေး(ခ) ကိုသားကြီးရဲ့ ညီအရင်းတယောက် ဖြစ်ပါတယ်။ သားညီဟာ သရုပ်ဆောင်ပိုင်းတင်မက ဒါရိုက်တာဘက်ကိုပါ ကြိုးစားနေသူတဦးလည်း ဖြစ်ပါတယ်။