“ပျားရည်အိုင်” ရုပ်သံဇာတ်လမ်းတွဲဖြင့် ပရိသတ် အားပေးမှုရရှိခဲ့သူ သရုပ်ဆောင် မေမီကိုကိုနဲ့ ပတ်သက်ပြီး သူမရဲ့ အစ်မဖြစ်သူ ဇင်ဇင်ရွှန်းက အခုလို မေမီကိုကိုဆိုတာ ဖြစ်လာဖို့အတွက် ညီမ နှစ်ယောက် အများကြီးရုန်းကန်ခဲ့ရတယ်လို့ ဧရာဝတီကို ပြောပါတယ်။
“အစ်မက သရုပ်ဆောင်လောကထဲကို အရင်ရောက်လာတာ။ ဈေးပွဲတော်တွေမှာ မော်ဒယ်လုပ်တဲ့ အခါကျတော့ မော်ဒယ်လိုင်းထဲကို ရောက်သွားတာ။ Dancer လုပ်ရင်းနဲ့ ဆိုတော့ ရုပ်ရှင်လောကနဲ့ အဆက်အသွယ် တော်တော်ပြတ်သွားတယ်”
“၂၀၁၃ လောက်မှာတော့ ဈေးပွဲတော်တွေမှာ မလုပ်တော့ဘဲနဲ့ ညီမလေးကိုလည်း ဒီလောကထဲမှာ သရုပ်ဆောင် အရမ်းဖြစ်စေချင်တဲ့အခါကျတော့ သူ့ကို သရုပ်ဆောင်လောကထဲ ရအောင်သွင်းပေးခဲ့တာပါ။ ကိုယ်တွေက အရမ်း ချမ်းသာကြီးတွေ မဟုတ်တေ့ာ အများကြီး မပံ့ပိုးပေးနိုင်ဘူး။ အခုချိန်ထိ ညီအစ်မ နှစ်ယောက်ကလေ လောကဓံကို ကြံ့ကြံ့ခံနိုင်နေတုန်းပါ” လို့ မေမီကိုကိုရဲ့ အစ်မဖြစ်သူ ဇင်ဇင်ရွှန်းက ပြောပါတယ်။
မေမီကိုကိုဟာ “ပန်းနုသွေး” ဆိုတဲ့ ရုပ်သံဇာတ်လမ်းတွဲမှာ သရုပ်ဆောင် ခင်မို့မို့အေးရဲ့ ငယ်ဘဝအတွက် ပါဝင်သရုပ်ဆောင်ရာကနေတဆင့် MRTV-4 မှ သရုပ်ဆောင်အသစ်များ ခေါ်ယူနေမှုများမှာ ဖောင်တင်ကာ အဆင့်ဆင့် ရွေးချယ်ခံရာမှ အခုလို ပရိသတ်အားပေးမှု ရရှိခဲ့တဲ့ “မြိုင်” အဖြစ်ရောက်ရှိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
“MRTV-4 ဇာတ်လမ်းတွဲတွေမှာ ပါတာကတော့ ပန်းနုသွေး ဇာတ်လမ်းတွဲမှာ အန်တီ ခင်မို့မို့အေး ငယ်ဘဝသရုပ်ဆောင်တာ။ အဲဒီမှာ ဆရာဦးထင်ကျော်က သူ့ရဲ့အရည်အသွေးကို တွေ့ပြီးတော့ MRTV-4 မှာ လျှောက်လွှာတွေခေါ်တယ်။ သွားဖောင်ဖြည့်လိုက်ဆိုပြီး အကြံပေးတယ်။ အဲဒီကနေပြီးတော့ အဆင့်ဆင့်ဖြတ်ကျော်ပြီးတော့ သူပါသွားခဲ့တာပါ” လို့ ဇင်ဇင်ရွှန်းကပြောပါတယ်။
အစ်မဖြစ်သူ ဇင်ဇင်ရွှန်းနဲ့ မေမီကိုကိုတို့ ညီအစ်မ နှစ်ဦးမှာ ဇင်ဇင်ရွှန်းက အနုပညာလောကထဲ ဦးစွာ ဝင်ရောက်ခဲ့ပေမယ့် ညီမဖြစ်သူအတွက် ကြိုးစားပေးပြီး ပံ့ပိုးမှုတွေ အများကြီး ပြုလုပ်ခဲ့တဲ့အတွက် အခုလို အောင်မြင်မှုတခု ရရှိတာကို ကျေနပ် ဝမ်းသာတယ်လို့ ဆိုပါတယ်။
“မေမီက အများကြီး ကြိုးစားရဦးမယ်။ ရည်မှန်းထားသလောက် မရောက်သေးဘူး။ အခုမှ မေမီကိုကို ကို ပရိသတ်က အသိအမှတ်ပြုပေးရုံပဲ ရှိပါသေးတယ်”လို့ ဇင်ဇင်ရွှန်းက ပြောပါတယ်။
“မြိုင်”လို့ ချစ်စနိုးနဲ့ ခေါ်ကြတဲ့ မေမီကိုကိုနဲ့ သူ့ရဲ့ အစ်မဖြစ်သူ ဇင်ဇင်ရွှန်းကတော့ အသက် ၆ နှစ် ကွာပြီး သူတို့ နှစ်ယောက်ရဲ့အလယ်မှာ မွေးချင်း ယောကျာ်းလေးတယောက် ရှိသေးတယ်လို့ သိရပါတယ်။