ကချင်တိုင်းရင်းသူ Sexy မော်ဒယ်တယောက်ဖြစ်တဲ့ လုလုအောင်ကတော့ သူမရဲ့ Sexy ပုံများနဲ့ ပတ်သက်ပြီး ဝေဖန်နေသူများလည်း အများကြီးရှိသလို သဘောကျတဲ့သူများလည်း ရှိကြပါတယ်။
ဇန်နဝါရီ ၂၀ ရက်နေ့က ပြုလုပ်ခဲ့တဲ့ ယူနိုက်တက်ဗေးရှင်းမျက်မှန်ဆိုင်ဖွင့်ပွဲကို တက်ရောက်ခဲ့တဲ့ လုလုအောင်ရဲ့ ပွဲတက်ဖက်ရှင်နဲ့ ပတ်သက်ပြီး ဝေဖန်များ ရှိနေခဲ့ပါတယ်။
ဒါနဲ့ပတ်သက်လို့ လုလုအောင်က ပွဲတက်ဝတ်စုံအကြောင်းကို အခုလိုဆိုပါတယ်။
“ပွဲတက်လာတဲ့ဖက်ရှင်ကတော့ ခါတိုင်းလုလုဝတ်နေကျ ဂါဝန်မျိုးပါပဲ။ ရိုးရိုးလေးကို နည်းနည်းဆန်း လိုက်တာပေါ့။ မရိုးမဆန်းလေးပေါ့။ ပရိသတ်တွေထဲမှာ သဘောကျတဲ့သူလည်းရှိမယ်။ သဘောမကျတဲ့သူလည်းရှိမယ်။ အဲဒီလိုမျိုးဆိုတော့ ဘာပဲဖြစ်ဖြစ် သူတို့ရဲ့ရွေးချယ်မှုအားပေးမှုကို လက်ခံပါတယ်” လို့ လုလုအောင်ကပြောပါတယ်။
လုလုအောင်က Sexy မကြိုက်တဲ့သူတွေကို ကြိုက်လာအောင် လိုတိုးပိုလျော့လုပ်ပါတယ်လို့ ပြောပါတယ်။
“Sexy လို့မြင်တာတော့ကြာပါပြီ။ Sexy မကြိုက်တဲ့သူများတာကို ကြိုက်တဲ့သူများအောင်ပဲ လိုတိုးပိုလျော့လေး လုပ်ပါတယ်။ ၂၀၁၉ ခုနှစ်မှာတော့ ပရိသတ်တွေရိုးမသွားအောင် နည်းနည်းလေးဆန်းသစ်ပြီးတော့ လုပ်ချင်တယ်။ ပိုပြီးတော့ အားစိုက်ပြီးတော့ ချပြချင်တယ်”လို့ လုလုအောင်က ပြောပါတယ်။
သူမရဲ့ခန္ဓာကိုယ်နဲ့ ပတ်သက်ပြီး ထွေထွေထူးထူး လေ့ကျင့်ခန်းလုပ်တာမျိုးမရှိဘဲ အစားအသောက်နဲ့ပဲ ထိန်းသိမ်း ဖြစ်တယ်လို့ ဆိုပါတယ်။
“ခန္ဓာကိုယ်နဲ့ ပတ်သက်ပြီး ဘာမှမလုပ်ဘူး။ Gym လည်းမသွားဘူး။ အိမ်မှာပဲဆော့တယ်။ အစားအသောက်ကိုလည်း အတတ်နိုင်ဆုံးရွေးစားတယ်။ လုံးဝကြီးလျော့တာတော့ မဟုတ်ဘူး” လို့ လုလုအောင်က ပြောပါတယ်။
လုလုအောင်ကတော့ အသက် ၁၂ နှစ်အရွယ် သမီးလေးတယောက်နဲ့ အတူနေထိုင်တဲ့ Single Mother တယောက်ဖြစ်ပြီး သမီးဖြစ်သူက သူမ Sexy ပုံတွေရိုက်တာနဲ့ ပတ်သက်ပြီး သိပ်စိတ်ဝင်စားမှုမရှိဘူးလို့ ပြောပါတယ်။
“သမီးကတော့ သိပ်လည်းစိတ်မဝင်စားဘူး။ Facebook တွဘာတွေလည်း မသုံးဘူးဆိုတော့ တခါတလေတွေ့ရင် တော့လည်းပြောတယ်။ သိပ်ပြီးတော့ စိတ်ဝင်စားမှုသိပ်မရှိပါဘူး။ သမီးကြောင့်လျော့တာမျိုးတော့ မရှိဘူး။ ဒါပေမယ့် ကိုယ့်ကိုယ်ကိုယ် ကြီးလာပြီဆိုပြီးတော့ လျော့တာပဲရှိတာပေါ့။သူကတော့ ဒီခေတ်လူငယ်ဆိုတော့ အခုအွန်လိုင်းတွေ ဘာတွေလည်း ခေတ်စားတယ်ဆိုတော့သူက နားလည်မှာပါ” လို့ လုလုအောင်က ပြောပါတယ်။
သမီးလေးကတော့ မော်ဒယ်အလုပ်ကို စိတ်ဝင်စားမှုမရှိဘဲ ယောကျ်ားဆန်ဆန်နေတတ်ပြီး သမီးဖြစ်သူကိုတော့ စံပြအမေဆိုတာထက် ညှိနှိုင်းပြီး ပြောပြဖြစ်တယ်လို့ ဆိုပါတယ်။
“စံပြအမေဆိုတာထက် ညှိနှိုင်းတာပေါ့။ သူလိုချင်တာနဲ့ ကိုယ်ဖြစ်စေချင်တာနဲ့ ညှိနှိုင်းတာပေါ့။ ကိုယ်ဖြစ်စေချင်တာပဲ ဖြစ်လို့လည်းမရဘူး။ သမီးရဲ့လိုအင်ဆန္ဒတွေကိုလည်း နားထောင်ပေးတယ်ပေါ့” လို့ လုလုအောင်ပြောပါတယ်။
လုလုအောင်ကတော့ လက်ရှိအချိန်မှာ Sexy မော်ဒယ်တယောက်အဖြစ်ရပ်တည်လျက်ရှိပြီး ရုပ်ရှင်ဇာတ်ကားများ ရိုက်သွားဖို့အတွက်တော့ အစီအစဉ်မရှိဘူးလို့ သိရပါတယ်။