လတ်တလောမှာ ၆၆ (ဃ) နဲ့ တရားစွဲဆိုခြင်းခံထားရတဲ့ အလှမယ်ရွှေအိမ်စည်က ဥပေဒေကြောင်းအရ အမှုကို ဆောင်ရွက်နေတာကြောင့် ပရိသတ်တွေကို မစိုးရိမ်စေချင်ဘူးလို့ ပြောပါတယ်။
“အမှု မဖြစ်ခင်ကတည်းက အမှန်အမှား ပိုင်းဖြတ်ပြီးသားလေ။ ပိုင်းဖြတ်စရာမလိုဘူး။ ဒါကတော့ ဥပဒေလမ်းကြောင်းအရ အိမ်စည်တို့ လုပ်နေတာဆိုတော့ ပရိသတ်ကို မစိုးရိမ်စေချင်ပါဘူး။ ကိုယ့်မှာ လုပ်စရာတွေ အများကြီးရှိသေးတယ်လေ။ ဒါကြီးက ကိုယ့်ဘဝမဟုတ်ဘူး။ ကိုယ့်အသက်မဟုတ်ဘူး။ ဒါပေမယ့်ကိုယ့်ကို စွဲလာတဲ့အပေါ်မှာတော့ ဖြေရှင်းရတာပေါ့။
ဒါက ဥပဒေဆိုတော့လည်း။ အဲဒီလိုမျိုးလေးပဲ အိမ်စည် ပေါ့ပေါ့ပါးပါးထားသလိုမျိုးလေးပဲ ပရိသတ်ကိုထားစေချင်တယ်” လို့ ရွှေအိမ်စည်က ပြောပါတယ်။
ရွှေအိမ်စည်ကိုတော့ Hello Madam Co.Ltd ရဲ့မန်နေဂျင်းဒါရိုက်တာ ဒေါ်စိုးယုဝေက ဂုဏ်သိက္ခာကျဆင်းအောင် အသရေဖျက်မှုဖြင့် တရားစွဲဆိုထားတာဖြစ်ပြီး ရွှေအိမ်စည်ကတော့ သိန်း ၁၀၀ နဲ့ အာမခံရယူခဲ့တယ်လို့ သိရပါတယ်။
“ဒီကိစ္စကြောင့်ပဲလို့တော့ ကြားတယ်။ ဘယ်လို အမှုမြောက်သွားလည်းတော့ အိမ်စည်လည်း မသိပါဘူး။ ရုံးချိန်းကတော့ အခုလာမယ့် ရက်ပိုင်းအတွင်းမှာရှိပါတယ်။ ရုံးချိန်းကတော့ သွားပေးရမှာပေါ့။ အိမ်စည်က ဥပဒေကိုလိုက်နာတဲ့သူပဲ။ သွားပေးရမှာပေါ့” လို့ ရွှေအိမ်စည်ကပြောပါတယ်။
အမှုကိုတော့ ဆက်လက်ဆောင်ရွက်နေပြီး ဒီရက်ပိုင်းအတွင်းမှာလည်း ချိန်းဆိုထားတဲ့ ရုံးချိန်းရှိတယ်လို့လည်း သိရပါတယ်။
“အမှုကတော့ ဆက်ပြီးဆောင်ရွက်နေပါတယ်။ အဆင်ပြေပါတယ်လို့ ပြောချင်ပါတယ်။ အိမ်စည်လည်း မြန်မာနိုင်ငံမှ မဟုတ်ဘူး။ ဘယ်နိုင်ငံမှာမှ အမှုရင်မဆိုင်ဖူးတော့လေ ဘယ်လိုမျိုးလာမလဲဆိုတာ ကြည့်ရမှာပဲ။ အကောင်းဆုံး ဆောင်ရွက်ပေးနေတယ်လို့တော့ အိမ်စည်က ယုံကြည်ချင်ပါတယ်” လို့ရွှေအိမ်စည်ကပြောပါတယ်။
ရွှေအိမ်စည်ဘက်မှလည်း ဒေါ်စိုးယုဝေမှ သရဖူပြန်လည်သိမ်းယူတဲ့ ကိစ္စအား အွန်လိုင်းပေါ်တွင်တင်လိုက်ခြင်းနဲ့ ပတ်သက်ပြီး ဒေါ်စိုးယုဝေအား ရန်ကင်းမြို့နယ်တရားရုံးတွင် ဒေါ်စိုးယုဝေအား ပုဒ်မ ၆၆( ဃ ) ဖြင့် တရားစွဲဆိုထားပါတယ်။
ရွှေအိမ်စည်ရဲ့ ဒုတိယရုံးချိန်းကိုတော့ ဇန်နဝါရီ ၂၂ ရက်နေ့မှာ ထပ်မံချိန်းဆိုထားတယ်လို့ သိရပါတယ်။