မင်းသား Ryan Reynolds ဟာ တရုတ်နိုင်ငံမှာ “Deadpool 2” ရုပ်ရှင်ကို ရုံတင်မပြသမီ သွားဖို့အတွက် မူလစီစဉ်ထားပြီးသား လက်မောင်းခွဲစိတ်ကုသမှုကို ဖျက်သိမ်းခဲ့တယ်လို့သိရပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်မှာ “Once Upon A Deadpool” ရုပ်ရှင်ကို တင်းကြပ်တဲ့ ဆင်ဆာမူဝါဒအဖွဲ့ဆီကနေ ခွင့်ပြုချက် ရခဲ့ပြီးတဲ့နောက် တရုတ်နိုင်ငံမှာ ရှိတဲ့ ရုပ်ရှင်ရုံတွေမှာ ပြသတော့မယ်လို့ Fox ရုပ်ရှင် ထုတ်လုပ်ရေးက ကြေညာခဲ့ပါတယ်။
စကားကြမ်းကြမ်းတွေပြောလေ့ရှိတဲ့ အဲဒီစူပါဟီးရိုးရုပ်ရှင်ကို မြောက်အမေရိက ရုပ်ရှင်ရုံတွေမှာ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်၊ မေလတုန်းက ရုံတင်ခဲ့တာဖြစ်ပြီး ပြန်လည်ပြင်ဆင်တည်းဖြတ်ထားတဲ့ “Once Upon A Deadpool” ရုပ်ရှင်ကိုတော့ ပြီးခဲ့တဲ့လ ပိတ်ရက်တွေမတိုင်ခင်မှာ ဖြန့်ချိခဲ့ပါတယ်။
တရုတ်မန်ဒရင်းဘာသာနဲ့ “Deadpool 2: I Love My Family” လို့အမည်ပေးထားတဲ့ အဲ့ဒီရုပ်ရှင်ရဲ့ ပရိုမိုးရှင်းပွဲမှာ မင်းသား Reynolds က “တရုတ်နိုင်ငံနဲ့ တရုတ်ပရိသတ်တွေဆီ ‘Deadpool’ ရုပ်ရှင်ကို ပြသနိုင်ဖို့ဆိုတာ နှစ်ပေါင်းများစွာမက်ခဲ့ရတဲ့ ကျနော့်အိပ်မက်ပါ။ ကျနော့်အတွက်ကတော့ ဒါဟာ ကမ္ဘာပေါ်က သုခဘုံဖြစ်ပါတယ်” လို့ပြောဆိုခဲ့ပါတယ်။
အသက် ၄၂ နှစ်အရွယ် မင်းသားဟာ “Deadpool 2” ရုပ်ရှင်တွေကို ရိုက်ကူးနေစဉ်မှာ လက်မောင်းဒဏ်ရာရရှိခဲ့ပါတယ်။ အမှန်တော့ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၁ ရက်နေ့၊ နယူးယောက်မှာ ခွဲစိတ်ကုသမှုခံယူဖို့ စီစဉ်ထားခဲ့တာပါ။
မင်းသားက “ဒါဟာ ပိုအရေးကြီးပါတယ်။ ကျနော်က တရုတ်နိုင်ငံကိုလာဖို့ အလွဲခံမှာမဟုတ်ပါဘူး” လို့လည်း ပြောဆိုပါတယ်။
မင်းသား Reynolds ရဲ့ခရီးစဉ်ဟာ ပြီးခဲ့တဲ့ လတုန်းက ဗန်ကူးဗားမြို့မှာ Huawei ကုမ္ပဏီရဲ့ CFO ဖြစ်တဲ့ Meng Wanzhou ကို ဖမ်းဆီးထိန်းသိမ်းပြီးနောက်ပိုင်း ကနေဒါနဲ့ တရုတ်ဆက်ဆံရေး ဆိုးရွားနေတဲ့အချိန်မှာ ဖြစ်ပေါ်လာခဲ့တာလည်း ဖြစ်ပါတယ်။
ဒါ့အပြင် အခုလထဲမှာပဲ မူးယစ်မှောင်ခိုတင်သွင်းမှု နဲ့ ကနေဒါနိုင်ငံသားတဦးကို တရုတ်က သေဒဏ်ပေးခဲ့ပါတယ်။ အဲဒီ့နောက်ပိုင်း ကနေဒါနိုင်ငံသားတွေအနေနဲ့ တရုတ်နိုင်ငံကိုခရီးသွားလာရာမှာ သတိထားကြဖို့ အစိုးရက သတိပေးချက်ထုတ်ပြန်ထားရပါတယ်။ မင်းသား Reynolds ဟာ ကနေဒါနိုင်ငံသားဖြစ်ပါတယ်။
Ref: etcanada