မင်းသား John Travolta ၏ “Gotti” ရုပ်ရှင်နဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်တို့ဟာ Razzie Awards ဆုပေးပွဲ အတွက် ဆုလျာထားစာရင်းမှာ အဆိုးရွားဆုံးရုပ်ရှင်ဆုနဲ့ အဆိုးရွားဆုံး မင်းသားအဖြစ် ပါဝင်ခဲ့တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၁ ရက်နေ့မှာ ထုတ်ပြန်ခဲ့တဲ့ အဲဒီ့စာရင်းမှာတော့ ရှားလော့ဟုမ်း ဟာသဇာတ်လမ်း “Holmes & Watson” ကတော့ ဆုအားလုံးပေါင်း ၆ ခုလျာထားခံရပါတယ်။
၁၉၈၀ ပြည့်နှစ်ကစလို့ ဟာသသဘောမျိုးနဲ့ ပေးအပ်တဲ့ အဲ့ဒီ Razzies ဆုဟာ ဟောလိဝုဒ်ရဲ့ အော်စကာဆုပေးပွဲလို သဏ္ဍာန်ယူ တင်ဆက်တာလည်း ဖြစ်ပါတယ်။ ဆန်ခါတင်စာရင်းဝင်သူတွေကိုတော့ ဇန်နဝါရီလ ၂၂ ရက်နေ့ နှောင်းပိုင်းမှာ မကြေညာမီ တရက်အလိုမှာ ထုတ်ပြန်ကြေညာလိုက်တာလည်း ဖြစ်ပါတယ်။
Razzie ဆုထူထောင်သူ John Wilson က “စတော့ရှယ်ယာဂယောက်ဂယက်ဖြစ်တာ၊ သမ္မတကို ဖြုတ်ချဖို့ ကြိုးပမ်းတာ၊ တောမီးလောင်တာ၊ ရေကြီးတာ၊ ပစ်ခတ်မှုဖြစ်တာ၊ ပလိပ်ရောဂါဖြစ်တာ အဲဒီလိုမျိုး ကပ်ဆိုးတွေ ၂၀၁၈ မှာ ဖြစ်ပေါ်ခဲ့ပါတယ်။ ပြီးတော့ အခုဟာတွေကလည်း ပြီးခဲ့တဲ့နှစ်ရဲ့ ရုပ်ရှင်တွေဖြစ်ပါတယ်” လို့ ပြောဆိုခဲ့ပါတယ်။
သမ္မတထရန့်ကတော့ ၂၀၁၈ ခုနှစ်မှာ ဖြန့်ချိခဲ့တဲ့ ကွန်ဆာဗေးတစ် ဒါရိုက်တာ Dinesh D’Souza ရဲ့ ” Death Of A Nation” နဲ့ လစ်ဘရယ် ဒါရိုက်တာ Michael Moore ရဲ့ “Fahrenheit 11/9” မှတ်တမ်းရုပ်ရှင်တွေမှာ ပါဝင်ခဲ့ပြီး အဲဒီ့ရုပ်ရှင်တွေနဲ့ပဲ အဆိုးရွားဆုံးမင်းသားအဖြစ် စာရင်းဝင်ခဲ့တာဖြစ်ပါတယ်။
နယူးယောက်မြို့ရဲ့ မာဖီးယား John Gotti အကြောင်းအခြေတည်ရိုက်ကူးထားတဲ့ Gotti ရုပ်ရှင်ကတော့ အဆိုးရွားဆုံး ရုပ်ရှင်ဆု၊ ဇာတ်ညွှန်းဆု၊ မင်းသားဆု၊ မင်းသား Travolta နဲ့သူ့ရဲ့ ဇနီး Kelly Preston တို့ကတော့ အဆိုးဆုံး ရုပ်ရှင်စုံတွဲ အဖြစ် ဆန်ခါတင်စာရင်းမှာ ပါဝင်လာပါတယ်။
၂၀၁၈ ခုနှစ်အတွက် အဆိုးတကာ့အဆိုးဆုံးရုပ်ရှင်တွေကို ဖေဖော်ဝါရီလ ၂၄ ရက်နေ့ အကယ်ဒမီပွဲမကျင်းပမီ တရက်လိုမှာ ကျင်းပမယ့် ဆုပေးပွဲအခမ်းအနားမှာ ဆုပေးအပ်မှာဖြစ်ပါတယ်။
Ref: straitstimes