ဒါရိုက်တာ ညိုမင်းလွင်က ဇာတ်ကားတွေ ဇာတ်ဝင်ခန်းတွေမှာ Sexy ဆန်ဆန် အခန်းတွေရိုက်တာနဲ့ပတ်သက်ပြီး လိုအပ်ရင်ရိုက်ပြမှာ ဖြစ်တယ်လို့ ဧရာဝတီကို ဆိုပါတယ်။
“ခပ်ဟော့ဟော့တွေ ရိုက်ပြဖို့ လိုအပ်ရင်လည်း ကျနော်ရိုက်မှာပါ။ ကျနော်အားပေးပါတယ်။ နမ်းဖို့လိုအပ်လို့ နမ်းပြတာကို အားပေးတယ်။ ဒါကိုဖြတ်တယ်ဆိုရင်တော့ ဖြတ်တဲ့သူမှားတယ်။ ဥပမာ-လူငယ်တွေ မကြည့်သင့်ကြောင်း စာတန်းထိုး ၊သတိပေးချက် ထည့်ရင်ထည့်လိုက်။ အဲဒါကိုမှလိုက်ဖြတ်ရင်လည်း မှားတယ်။ မလိုအပ်ဘဲ အဲဒါတွေထည့်ရင်လည်း မှားတယ်။ ဇာတ်ကားအတွက် လိုအပ်တယ်ဆိုရင် တကိုယ်လုံးချွတ်ရိုက်ဖို့လည်း ဝန်မလေးဘူးဗျ”လို့ ဧရာဝတီကိုပြောပါတယ်။
ညိုမင်းလွင်က လက်ရှိမှာ အဆိုတော် သျှန်သျှန်းရဲ့ “အသိအမှတ်ပြုပါ” သီချင်းကို MTV ရိုက်ကူးပေးထားပြီး သီချင်း ၁၂ ပုဒ်ကို နှစ်လ အချိန်ယူရိုက်ကူးခဲ့တယ်လို့ ဆိုပါတယ်။ ဒါနဲ့ပတ်သက်လို့ ညိုမင်းလွင်ကို စီးရီးတစ်ခွေလုံးအတွက် ဖန်တီးခဲ့ စိတ်ကူးကိုလည်း အခုလိုဆိုပါတယ်။
“ဒီလိုလေးပဲ စဉ်းစားကြည့်လိုက်ပေါ့ဗျာ။ ကျနော်ဗွီဒီယိုခေတ်တုန်းက တနှစ်မှာ ဇာတ်ကားဘယ်လောက်ရိုက်လဲဆိုရင် ဥပမာ တလနှစ်ကားနှုန်းနဲ့ ကား၂၀ ရိုက်တယ်ဆိုပါတော့ ။ အဲဒီကား၂၀ ကိုကျနော်မတူအောင် စဉ်းစားရတာပဲလေ။ အခုလည်း အဲဒီသဘောပေါ့”လို့ ဆိုပါတယ်။
ဆက်လက်ပြီး ညိုမင်းလွင်က “ဒါရိုက်တာအပေါ်မှာ ဒီသီချင်းကောင်းဖို့ကလွဲလို့ ဘာတခုမှ ဝင်ပါတာမျိုးမရှိဘူး။ အဓိကတော့ ဒီအခွေနဲ့ပတ်သက်ပြီးတော့ ခိုင်ခိုင်မာမာပြောနိုင်တာက အောက်လမ်းနည်းတွေမပါဘူး။ အောက်လမ်းနည်း ဆိုတာက လူပြောခံရရင်ပြီးရော၊ လူပြောခံရရင် ပေါက်တာပဲဆိုပြီး ရေကန်ထဲဆင်းစိမ်တာ၊ နှုတ်ခမ်းခြင်းနမ်းပြထားတာ မပါဘူး။ မရိုးသားတဲ့နည်းနဲ့ဖွထားတာ တခုမှ မပါဘူး”လို့ ဆိုပါတယ်။
ဒါရိုက်တာညိုမင်းလွင် ရိုက်ကူးဖန်တီးထားသော ရုပ်ရှင်ကားကြီးတွေ ဆက်တိုင်ရုံတင်ပြသဖို့ ရှိနေပြီး ဒီဇာတ်ကားတွေကတော့ “တစ်ခါက ရန်ကုန်မြို့ပြ”၊ “အယူတော်မင်္ဂလဏာ”၊ “တနင်္ဂနွေ ညကျောင်း” ၊”ဓာတ်ရှင်ရိုက်သူများ” ပဲဖြစ်ပါတယ်။
“ဒီကားတွေနဲ့ပတ်သက်လို့ ကျနော်ကတော့ စရိုက်ကတည်းက စိတ်ကူးတွေမတူအောင် သေချာပြင်ဆင်ထားတယ်။ ဆိုလိုချင်တာက Current ဖြစ်တာတွေကြီးပဲ လိုက်ရိုက်ထားတာမျိုး မရှိခဲ့ဘူး။ အဲဒီအတွက် ဘယ်အချိန်ပဲဖြစ်ဖြစ် ဘောင်ဝင်နေလိမ့်မယ်လို့ ယုံကြည်တယ်”လို့ ဧရာဝတီကို ပြောပါတယ်။