ဟာသလူရွှင်တော်သရုပ်ဆောင် ကင်းကောင်ဟာ ဇန်နဝါရီလ ၂၂ ရက်နေ့ မနက် ၆ နာရီခွဲ အချိန်က ကွယ်လွန်ခဲ့ပါတယ်။ ဟာသလူရွှင်တော်သရုပ်ဆောင် ကင်းကောင် ကွယ်လွန်သွားပြီဆိုတဲ့ သတင်းဟာ အွန်လိုင်းစာမျက်နှာပေါ်တွေမှာ ပျံ့နှံ့နေသလို အားလုံးကို နှုတ်ဆက်သွားခဲ့တဲ့ ကင်းကောင်အတွက် အနုပညာရှင်များနှင့် သူရဲ့ညီဖြစ်သူက ဝမ်းနည်းစကားများ ဆိုကြပါတယ်။
(၁) ဦးသိန်းတိုး (ဦးကင်းကောင်ရဲ့ညီ)
ကျနော်တို့ စသိတာ ၇ နာရီ ကျော်လောက်မှာပေါ့။ ကျနော်အထက်ကပေါ့။ သူက ကျနော့်ထက် အသက် ၁ နှစ်ခွဲကြီးတယ်။ မောင်နှမလေးယောက်ရှိတာ အစ်ကိုကင်းကောင်က ဒုတိယပေါ့။ အစ်ကိုကင်းကောင်အထက်မှာ ကျနော်တို့ အစ်ကိုကြီး တယောက်ရှိတယ်။ အောက်မှာ ညီလေးပါ။ ကျနော်တို့ အမေကလက်ရှိရှိသေးတယ်။ ၈၃ နှစ်။ မကွယ်လွန်ခင်မှာ ကင်ဆာလို့တော့ပြောတယ်။ ကင်ဆာ ဆေးသွင်းတယ်။ ဆေးစားနေရတယ်။ ဆေးကပြင်းတော့ ဆေးဒဏ်တွေလည်း ပါမှာပေါ့။
သူကလည်း ဒီအနုပညာကို အရမ်းလုပ်ချင်တော့ ဒီခရီးကို သွားချင်တာ။ မိသားစုတွေက တားချင်ပေမယ့်။ သူ့က သွားချင် နေတာကြောာင့် သွားခိုင်းတာလည်း ပါပါတယ်။ ခရီးသွားတော့ မိသားစုလည်း ပါသွားတယ်။ နာရေးကို ကိုသူရတို့က အစ်ကိုကင်းကောင်ရဲ့ ညီကိုလိုလည်းဖြစ်တော့ အနုပညာအသိုင်းက သူတို့ရှိကြတယ်ပေါ့။ ကျနော့် အမေကလည်း လာချင်တယ်ဆိုတော့ ကျနော်တို့က လူအုပ်ကြီးကို စိတ်ပူတာတော့ရှိတယ်။ ကျနော်လည်း စဉ်းစားနေတာ အမေကို အဲ့နေ့ခေါ်လာရမလား၊ မခေါ်လာရဘူးလားလို့။
(၂) လူရွှင်တော် ငှက်ပျောကြော်
ကျနော်ဘာပြောရမှန်းတောင်မသိဘူး။ ရောဂါကြောင့်မဟုတ်ဘူး။ ချွဲကျပ်ပြီးဆုံးတာပါ။ ကျနော်စိတ်မကောင်းပါဘူး။
(၃)လူရွှင်တော်ဗေဒါ
ချွဲတွေကျပ်ပြီး သလိပ်တွေပိတ်ပြီးဖြစ်တာ ဆေးရုံသွားသေးတယ်။ အသက်ပါ ပါသွားတယ်တဲ့။ ကျနော်တို့ သိသလောက်က ကင်ဆာဆဲလ်မြင်ရတယ်လို့ ဆရာဝန်ကပြောတယ်တဲ့ သူပြောတယ် အကြီးကြီးမဟုတ်သေးဘူး။ သေးသေးတယ် သေချာကုရင် ပျောက်နိုင်တယ်လို့ပြောတယ်။
ကိုကင်းက ဆေးသောက်နေတာ။ အသောက်အစားလည်း မရှိတော့ဘူး။ အခုချွဲကျပ်ပြီး ဘယ်လိုဖြစ်သွားလဲ မသိဘူး။ ညီအစ်ကိုတွေလိုနေတာ တိုင်ပင်ပေါ် တိုင်ပင်ဖက်ပါ။ ထင်တောင်မထင်ဘူး။ အစ်ကိုနဲ့ အရင်တုန်းကနီးတယ်။ ကျနော်နောက်ပိုင်းပြောင်းသွားတော့ သိပ်မတွေ့ဖြစ်ဘူး။
(၄) ကိုလူချောအဖွဲ့ ဥက္ကဌ သရုပ်ဆောင်အောင်ခိုင်
ကျနော်ကို ကိုကင်းဆုံးသွားလို့ ပြောတယ်။ ကျနော်တို့လည်း ဘာပြောရမှန်းမသိတော့ဘူး။ ကျနော်နဲ့ နောက်ဆုံး နေပြည်တော်မှာ ဇာတ်ကားရိုက်တယ်။ နမိတ်ပြေးနေသလို သူကအဲ့ဇာတ်ကားထဲမှာ သချိုင်းရဲ့ အကြီးဆုံးတစ္ဆေကြီး သရုပ်ဆောင်ရတော့ ကျနော်တောင်နောက်လိုက်သေးတယ်။ “ကိုကင်း ကျန်းမာဂရုစိုက်ဦး မျက်နှာက မိတ်ကပ်ချစရာမလိုဘူး” လို့ပြောလိုက်တာ အခုတော့ တကယ်ဖြစ်သွားရှာပြီပေါ့။
ကိုလူချော အဖွဲ့က မင်းစိန်ကွယ်လွန်တာနဲ့ ကိုကင်းကွယ်လွန်တာ တထပ်တည်းလိုဖြစ်နေတယ်။ သူတို့အဆုတ် မကောင်းဘူး။ ရုပ်ရှင်လောကအတွက်ပဲ ဖြစ်ဖြစ် ဇာတ်သဘင်အတွက်ပဲကြည့်ကြည့် တကယ်ကို ကြီးမားတဲ့ ဆုံးရှုံးမှုပါပဲ။ သူ့မိသားစုနဲ့ ထပ်တူဝမ်းနည်းရတယ်။ ကျနော်တို့ လူကြမ်းသရုပ်ဆောင်နဲ့တွေ့ရင် သူတွေ့ရင် လူကြမ်းတွေက ရုပ်တွေကတော့ကြမ်းတယ် နောက်ကွယ်အဲ့ကောင်မကြီးတွေက အမေစန်းတို့အဖွဲ့ (ခင်စန်းဝင်း)ကိုပြောတာပါ။ သူအမြဲနောက်တာတွေကတော့ ကျနော်တို့အတွက် အမှတ်တရတွေပါပဲ။
ကျနော်တို့ ကိုကင်းနောက်ဆုံးခရီးကို ကူညီပေးဖို့ အစီအစဉ်တွေဘာလုပ်ပေးရမလဲဆိုတာကို အင်ပြည့်အားပြည့် ပို့ဆောင်ပေးဖို့ စီစဉ်နေပါတယ်။ ပရိသတ်တွေကလည်း အနုပညာရှင်ကိုချစ်တယ်။ အနုပညာရှင်ဆိုတာကလည်း ပရိသတ်က ထမင်းကျွေးနေတာဆိုတော့ နှစ်ဖက်လုံးအဆင်ပြေအောင် တခုတော့ မေတ္တာရပ်ခံချင်တာက ကွယ်လွန်သွားတဲ့ ဦးကင်းစိတ်ဖြောင့်ဖြောင့်နဲ့ သွားနိုင်အောင်ချစ်ရာမရောက်ဘဲ နှစ်ရာမရောက်အောင် ကူညီပေးကြပါလို့ မေတ္တာရပ်ခံချင်ပါတယ်။
(၅) သရုပ်ဆောင် ထွန်းကိုကို
ကျနော် နာရေးလမ်းကြောင်းလိုက်ဖြစ်တယ်။ ဒီမနက် အိပ်နေတုန်း မသိဘူး။ ဖုန်းဝင်လာတော့ ဦးမောင်(ကျော်သူ) လိုက်မလို့ ကျနော်လည်း လိုက်မယ်ဆိုပြီး ထွက်တာနောက် ဦးမောင်က အရေးကြီး ကိစ္စလေးရှိလို့ ကျန်ခဲ့တယ်။ ကျနော်သွားပြီးသယ်လာခဲ့တယ်။ ၁၁၅ မိုင်ကနေသွားသယ်လာခဲ့တယ်။ စိတ်မကောင်းဖြစ်မိပါတယ်။ အနုပညာရှင်တွေ ဒီကားကြီးနဲ့ သွားသယ်ရတာ စိတ်မကောင်းဘူး။
ကောင်းရာသုဂတိလားပါစေလို့ပြောရမယ်။ သရဲလေးကောင်ကို ငယ်ငယ်ကအားပေးတာ အခုတော့ သရဲနှစ်ကောင်ပေါ့။ လူတိုင်းစောတာနဲ့ေ နာက်ကျတာပဲ ရှိပါတယ်။ ဘယ်လိုအကောင်းဆုံးနေထိုင်မလဲ။
သေသွားမှ ဝမ်းနည်းနေမယ်၊ ပူဆွေးနေမယ် သောကရောက်နေရင် အပိုပဲပေါ့။ ဦးကင်းစာပနာအတွက်လည်း ဆက်လက်ကူညီပေးဖို့ ဦးမောင်က စီစဉ်ခိုင်းထားတာကြောင့် စီစဉ်ပေးသွားမှာပါ။
ဟာသလူရွှင်တော် သရုပ်ဆောင် ကင်းကောင်ဟာ ဇန်နဝါရီလ ၂၂ ရက်နေ့ မနက် ၆ နာရီခွဲက ပုပ္ပါးမှာ ဇာတ်ကားရိုက်နေရင်း ရုတ်တရက် ကွယ်လွန်သွားခဲ့ပါတယ်။ သူ့အတွက် အနုပညာအသိုင်းအဝိုင်းသာမက ပရိသတ်တွေကလည်း မိသားစုနဲ့ထပ်တူ ဝမ်းနည်းကြေကွဲလို့နေပါတယ်။ ကင်းကောင်သည် ကွယ်လွန်ချိန်တွင် အသက် (၅၅) နှစ်ရှိပြီဖြစ်ပြီး ဇနီးနှင့်သားတဦး ကျန်ခဲ့ပါတယ်။
ပုပ္ပားမှာ အအေးဒဏ်ကြောင့် ချွဲကြပ်ပြီး ကွယ်လွန်ခဲ့တဲ့ ကင်းကောင်ရဲ့ ရုပ်အလောင်းကို ဇန်နဝါရီလ ၂၂ ရက်နေ့မှာ ရန်ကုန်မြို့ ရေဝေးသုဿာန်ကို သယ်ဆောင်လာခဲ့ပြီဖြစ်ပါတယ်။ ကင်းကောင်ရဲ့ ရုပ်အလောင်းကို ဇန်နဝါရီလ ၂၄ ရက်နေ့ မနက် ၉ နာရီမှာ ရေဝေးသုဿာန်မှာ မီးသဂြိုလ်သွားမှာ ဖြစ်ပါတယ်။