အဆိုတော်Rဇာနည်ရဲ့ ဇနီးဖြစ်တဲ့ ဝမ်းက သားနှစ်ယောက်ရဲ့ မိခင်ဖြစ်နေပြီး နောက်ထပ်သားသမီးထပ်ယူဖို့ မသေချာတော့ဘူးလို့ ဧရာဝတီကို ဆိုပါတယ်။
“သားနဲ့သမီးဆိုတာကတော့ တကယ်တော့တူတူပါပဲ။ ဘာမှမကွာခြားပါဘူး။ သားပဲဖြစ်ဖြစ်၊ သမီးပဲဖြစ်ဖြစ် လိမ္မာရင်တူတူပါပဲ။ ဝမ်းက အသက်ကလည်း သိပ်ငယ်တော့တဲ့အရွယ် မဟုတ်တော့လေ နောက်တယောက်မွေးဖို့တော့ နည်းနည်း စဉ်းစားရပြီပေါ့။ ယောက်ကျားကတော့ လိုချင်တယ်။ ကလေးထပ်မွေးခိုင်းနေတယ်။ မမွေးနိုင်ဘူးလို့ပြောထားပေမယ့် ကိုယ်ကမလိုချင်ဘူးလားဆိုတော့လည်း မဟုတ်ဘူး။ လိုချင်တယ်။ မမွေးနိုင်မှာကြောက်တာ”လို့ ဧရာဝတီကို ဆိုပါတယ်။
ဝမ်းက စီးပွားရေးအနေနဲ့ သူတို့ ညီအစ်မတွေပေါင်းပြီးဖွင့်ထားတဲ့ အထည်ဆိုင်ရှိပြီး ကျန်တဲ့စီးပွားရေးတွေလည်း လုပ်ဖို့ စဉ်းစားနေပြီး အကောင်အထည်တော့ မဖော်သေးဘူးလို့လည်း ဆိုပါတယ်။
အိမ်ထောင်သက် ၁၅ နှစ်ကျော် ၁၆ နှစ်ထဲရောက်လာတဲ့အထိ R ဇာနည်နဲ့ ပျော်ရွှင် ၊ အောင်မြင်တဲ့ မိသားစုဘဝကို တည်ဆောက်ထားနိုင်ပြီး ဒါနဲ့ပတ်သက်လို့လည်း အခုလိုဆိုပါတယ်။
“ဒီလိုပဲပေါ့နော်။ ဝမ်းတို့ Annivessary တုန်းက ဦးညီထွဋ်ပြောသွားသလိုပါပဲ။ ဆီးဆောလိုပါပဲ။ တဖက်ကိုလည်း ကျအောင် မနင်းဘူး၊ အလယ်လေးမှာပဲ ထိန်းညှိထားတာပေါ့”လို့ဧရာဝတီကို ပြောပါတယ်။
သားအကြီးဖြစ်သူ ဖစ်ဖစ်တုန် အသက် ၁၀ရောက်မှ နောက်ထပ်သားတဦးထပ်မွေးဖြစ်တာနဲ့ ပတ်သက်လို့လည်း ဝမ်းက အခုလိုဆိုပါတယ်။
“ကိုယ်က အသက်အရွယ်ရလာတာရော၊ ဒီကလေးလေးရဲ့ ကံလည်းပါလာတာပေါ့နော်။ ဘယ်လိုလည်းမသိ သူ့မွေးနေ့အတွက် တရားပွဲအလှူလုပ်ပေးဖြစ်တာလည်း အဲ့လိုလုပ်ချင်စိတ်ဖြစ်လာလို့၊ ဒါကို လုပ်ချင်စိတ်ကဖြစ်လာတော့ လုပ်ပေးဖြစ်တယ်”လို့ ဝမ်းက ဧရာဝတီကိုပြောပါတယ်။
ဆက်လက်ပြီးသူက “နှစ်ယောက်စလုံးကသားဆိုတော့ တူတူပါပဲ။ ကိုယ်တိုင်မွေးထားတဲ့ သားနှစ်ယောက်စလုံးကို တူတူပဲ ချစ်တယ်။ သားအကြီးတုန်းကလည်း တနှစ်ပြည့်မှာ နာမည်ပေးကင်ပွန်းတပ်နဲ့ မွေးနေ့လေးလုပ်ပေးဖြစ်တယ်။ အဲဒီတုန်းက ကိုယ်ကအသက်ကလည်း ငယ်တာကတကြောင်း မွေးနေ့ပွဲပဲ လုပ်ပေးဖြစ်တာပေါ့နော်” လို့ ဝမ်းက ဆိုပါတယ်။
မိခင်တာဝန်ကျေပွန်ဖို့ ကြိုးစားနေပြီး သားနှစ်ဦးစလုံးအတွက် လိုအပ်ချက်တွေတတ်နိုင်သမျှဖြည့်ဆည်းပေးနေတဲ့ ဝမ်းက သားတွေကို ရှင်ပြုဖို့လည်း ရှိတယ်လို့ ဆိုပါတယ်။
“ဝမ်းသာပီတိရှိနေတာပေါ့။ ရှင်ပြုရမှာပေါ့နော်။ ဗုဒ္ဓဘာသာဆိုတော့လေ။ ဒါပေမယ့် သားအကြီးက ဆယ်နှစ်၊ အငယ်လေးက တနှစ်ဆိုတော့ အရမ်းကွာတော့ ဒီနှစ်ယောက်ကို ဘယ်လိုရှင်ပြုရမလဲဆိုတာကို စဉ်းစားနေရတယ်။ တယောက်စီပဲ တခါစီပြုရင် ကောင်းမလားပေါ့။ နှစ်ယောက်အတူပြုရင်လည်း အကြီးက အရမ်းကြီးသွားမှာလေ။ နှစ်ခါရှင်ပြုတော့လည်း နှစ်ခါတော့ လှူဒါန်းရတာပေါ့”လို့ဆိုပါတယ်။