Entertainment

စင်ကာပူပရိသတ်တွေနဲ့ တွေ့ဆုံမယ့် Westlife အဖွဲ့

အိုင်းရစ်အမျိုးသားအဖွဲ့Westlife ဟာ မကြာသေးခင်က ဂီတလုပ်ငန်းတွေကို အဖွဲ့လိုက်ပြန်လည်စတင်ခဲ့ပြီး အခုတော့ လာမယ့် ဇန်နဝါရီလ ၃၁ ရက်နေ့ကျရင်တော့ စင်ကာပူမှာရှိတဲ့ ပရိသတ်တွေနဲ့ တွေ့ဆုံတော့မှာ ဖြစ်တယ်လို့ သိရပါတယ်။ ပွဲကျင်းပမယ့်နေရာကိုတော့ မကြေညာသေးပါဘူး။

လောလောဆယ် အဖွဲ့ဝင် လေးဦးဖြစ်တဲ့ Nicky Byrne, Kian Egan, Mark Feehily နဲ့ Shane Filan တို့ပြန်လည်ပါဝင်လာတဲ့ အဖွဲ့ဟာ ၈ နှစ်အတွင်းမှာ သူတို့ရဲ့ ပထမဆုံး Single သီချင်း “Hello My Love” ကို အခုလ အစောပိုင်းမှာ ဖြန့်ချိခဲ့ပါတယ်။

တကိုယ်တော်လှုပ်ရှားမှုတွေ လုပ်ဖို့ ၂၀၀၄ ခုနှစ်မှာ အဖွဲ့ကနေ နုတ်ထွက်သွားခဲ့တဲ့ အဖွဲ့ဝင်ဟောင်း Brian McFadden ကတော့ အခုအဖွဲ့သားတွေ ပြန်လည်ပေါင်းစည်းမှုမှာ ပါဝင်မလာခဲ့ပါဘူး။ ဗြိတိသျှပေါ့ပ်အဆိုတော် Ed Sheeran က ပူးတွဲရေးသားပေးထားတဲ့ အဲဒီသီချင်းသစ်ဟာ အခုနှစ်နှောင်းပိုင်းမှာ ဖြန့်ချိဖို့ရှိတဲ့အဖွဲ့ရဲ့ အဋ္ဌမမြောက် အယ်လ်ဘမ်ထဲက သီချင်းဖြစ်ပါတယ်။

အခုလိုမျိုး စင်ကာပူကို လာရောက်မယ့် ခရီးစဉ်နဲ့ ပတ်သက်လို့ အဖွဲ့ရဲ့ Facebook စာမျက်နှာမှာဖော်ပြထားတာကတော့ အဖွဲ့ဟာ လာမယ့် ဇန်နဝါရီလ ၂၉ ရက်နေ့ကနေ ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ ပရိသတ်ကို တွေ့ဆုံမှာဖြစ်တယ်လို့ ခန့်မှန်း ရပါတယ်။

ပရိသတ်နဲ့ အမေးအဖြေပြုလုပ်မယ့်အစီအစဉ်ကိုတော့ Universal Music Singapore က စီစဉ်ခဲ့တာဖြစ်ပါတယ်။ Westlife အဖွဲ့ပြန်လည်ပေါင်းစည်းမယ်လို့ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလ၊ အဖွဲ့ထူထောင်တဲ့ နှစ် ၂၀ ပြည့်နှစ်ပတ်လည်မှာ ကြေညာခဲ့တာဖြစ်ပါတယ်။

လွန်ခဲ့တဲ့ ၂၀၀၀ ပြည့်လွန်ကာလတွေမှာ ကမ္ဘာတဝန်းမှာရော မြန်မာနိုင်ငံမှာ လူကြိုက်များခဲ့တဲ့ သူတို့အဖွဲ့ဟာ My Love, Swear It Again နဲ့ If I Let You Go တို့လိုမျိုးသီချင်းတွေကို သီဆိုခဲ့ကြပါတယ်။ အဖွဲ့ဟာ လာမယ့် မေလမှာ ဥရောပတခွင်မှာပြုလုပ်မယ့် The Twenty Tour ဖျော်ဖြေပွဲကို ကြေညာခဲ့ပါတယ်။

Ref:asiaone

Loading