လူကြမ်း သရုပ်ဆောင်နိုင်လူက ကိုယ်တိုင်ဒါရိုက်တာအဖြစ်တာဝန်ယူပြီး လတ်တလော အွန်လိုင်းမှာ ပရိတ်များကြားပွဲဆူနေတဲ့ ခြိမ့်ကေကို (Banana)နဲ့ သြင်္ကန်ဇာတ်ကားတကား ရိုက်ကူးသွားမယ်လို့ သိရပါတယ်။ ရိုက်ကူးမယ့်ကားအကြောင်းနဲ့ Banana ကိုရွေးချယ်ဖြစ်တဲ့စိတ်ကူးကိုလည်း နိုင်လူက အခုလိုပြောပြပါတယ်။
“လာမယ့် ၂၉ ရက်မှာ သြင်္ကန်ဇာတ်ကားတကားကို ခြိမ့်ကေကို(ခ) Banana နဲ့ ရိုက်ကူးသွားမှာပါ။ အနုပညာဝါသနာပါတဲ့ ကလေးတွေအတွက် မြေတောင်မြှောက် ပေးပြီးတော့ အိပ်မက် တွေကို အကောင်အထည်ဖော်ပေးတဲ့အနေနဲ့ Banana နဲ့ ‘သြင်္ကန်မတ်မတ်’ဆိုတဲ့ ဇာတ်ကား ရိုက်ကူးမှာပါ”
“ဒီကလေးက Online မှာ နာမည်အသင့်အတင့်ရလာတဲ့ ကလေး။ Banana က သရုပ်လည်း အရမ်းဆောင်ချင်တဲ့သူဆိုတော့ အဲဒါလေးကိုပရိသတ်သိအောင် ကူညီပံပိုးပေးတဲ့အနေနဲ့ရိုက်ဖြစ်တယ်”
“အခုခေတ်က သရုပ်ဆောင်သစ်တယောက်ကိုရိုက်မယ်ဆိုရင် ဗွီဒီယိုကားဆယ်ကားလောက်ရိုက်လည်း သူ့ကိုပရိသတ်သိဖို့က သိပ်မလွယ်ဘူး။ သို့သော် Banana ကိုတော့ သိကြတယ်။ လူဆယ်ယောက်မေးရင် ရှစ်ယောက်ကသိနေတယ်။ အမှန်ကတော့ ပရိသတ်တွေက အရမ်းအမြင်ကပ်ပြီးတော့၊ သူလုပ်တဲ့ဟာတွေကလည်း တလွဲတွေလုပ်တဲ့အခါကျတော့ မေတ္တာဝိုင်းပို့ကြတာတွေ များရင်း၊ များရင်းနဲ့ လူသိသွားတယ်။လူတယောက်ရဲ့ပါးစပ်ဖျားမှာ အဲဒီလူရဲ့နာမည်ကိုစွဲပြီး မှတ်မိဖို့ဆိုတာက မလွယ်ဘူးလေ။ဒါက သူ့ရဲ့စန်းလို့ခေါ်ရမှာပေါ့” လို့ နိုင်လူက ဆိုပါတယ်။

ဆက်လက်ပြီးသူက “ ပြီးတော့ နောက်တခုက လူမှာ ချစ်ခြင်းတရားနဲ့မုန်းခြင်းတရားပဲရှိတယ်။ သူ့ကိုလူတွေက မုန်းကြ တယ်။ ဘယ်လောက် အတိုင်းအတာအထိမုန်းကြမလဲ။ မုန်းပြီးသွားတဲ့နောက်ကွယ်မှာ သနားတဲ့မေတ္တာစိတ်ဆိုတဲ့ သံယောဇဉ်လေးတော့ ပြန်ပေါ်လာမယ် မျှော်လင့်တယ်ပေါ့နော်။ ဒါကြောင့် သူ့ရဲ့ရိုးသားမှုနဲ့ အနုပညာကိုသူဖြစ်ချင်တဲ့ စိတ်လေးကို ကျနော်တို့က ပံ့ပိုးပေးတယ်ဆိုရုံပေါ့နော်။ အဲဒီအတွက် ကျနော်က သူ့ကို ဒီဇာတ်ကားလေးရိုက်ဖို့အတွက် စဉ်းစားထားတာပါ”လို့ နိုင်လူက ပြောပါတယ်။
Banana နဲ့အတူ စံလွန်းထိပ်ထားနဲ့ အခြားသရုပ်ဆောင်သစ်လေးတွေလည်းပါမယ်လို့ဆိုပါတယ်။ ဒါရိုက်တာနိုင်လူအနေနဲ့ အသစ်တယောက်ကို လက်တွဲခေါ်ရမယ့်ပုံစံနဲ့ပတ်သက်ပြီးလည်း အခုလိုဆိုပါတယ်။
” သူကဘာမှ မလုပ်တတ်တဲ့ကလေးပါ။ သူ့ကိုတော့ ဇာတ်လမ်းကနေပဲ ခေါ်သွားရမှာပေါ့နော်။ သူ့ကိုပရိသတ်က သနားသွားမယ့် ဇာတ်လမ်း၊ ဇာတ်ကွက်မျိုးကို ကိုယ်က ဖန်တီးပေးရမယ်။ သူ့ကိုဘေးကနေ Support လုပ်ပေးရမယ်ပေါ့နော်။ဒါဆိုရင် သူသည် ပရိသတ်ဆီကနေ မျက်ရည်လေးတစက်လောက် သူ့အတွက်ကျအောင်တော့ သူပြန်လုပ်ဆောင်နိုင်လိမ့်မယ်လို့တော့ မျှော်လင့်ပါတယ်”လို့နိုင်လူက ဖြေပါတယ်။
“ဈေးကွက်အရတော့ ကျနော်မမျှော်လင့်ပါဘူး။ ရှုံးခြင်း ၊ မြတ်ခြင်းက သူ့ကံတရား၊ ကိုယ့်ကံတရားပေါ့။ သေချာတာတခုက ရှုံးမှာပဲ ။ ဒါပေမယ့် အရှုံးထဲကနေ သူ့အနုပညာလေးအောင်မြင်တယ်ဆို ကျေနပ်ပါတယ်။ ဒါပါပဲ။ ကျနော်တို့က အများကြီး လည်း အဆုံးရှုံးမခံနိုင်ဘူး။ အများကြီးလည်း မရင်းနိုင်ဘူး။ သက်သောင့်သက်သာလည်း အဆုံးရှုံးခံနိုင်မယ့် ဟာလေးပေါ့” လို့နိုင်လူက ဖြေပါတယ်။
လူကြမ်းသရုပ်ဆောင် နိုင်လူက လက်ရှိမှာ ဇာတ်ကားရိုက်ကူးရေးကျဲလာပေမယ့် ရရှိလာတဲ့အခွင့်အရေးကို အကောင်းဆုံး အနုပညာအဖြစ် ကြိုးစားဖန်တီးနေတယ်လို့ဆိုပြီး ဖြစ်ရပ်မှန်ပညာပေး ဇာတ်ကားတွေနဲ့ ကိုယ်တိုင်ဒါရိုက်တာအဖြစ် လုပ်ဆောင်မယ့် ဇာတ်ကားတွေရှိနေတယ်လို့ ဧရာဝတီကို ဆိုပါတယ်။
“အခုလတ်တလော ပြီးထားတဲ့ ရိုက်ကူးရေးက ‘ငါ့ကိုပြန်သောက်တဲ့အရက်’ပေါ့။ မိသားစုနဲ့ပတ်သက်တဲ့ ဖြစ်ရပ်မှန် ဇာတ်ကားလေးကို နည်းနည်းပြန်ပြင်ဆင်ထားတဲ့ ပညာပေးဇာတ်လေးပါ။ အဲဒီကားမှာကျနော်က အဖေနေရာကနေ သရုပ်ဆောင်ထားတယ်”
“ အရက်နဲ့ ပတ်သက်လာရင် သားသမီးတွေက အဖေ့စကားကို မနာခံတော့ဘူး။ ပြီးရင် အိမ်ရဲ့စီးပွားရေးက ထိခိုက်စေတယ်။ ငွေကြေးကြပ်တည်းမှုကြောင့် ငွေနောက်လိုက်ပြီး ကျင့်စာရိတ္တတွေပျက်ပြားကုန်တယ်။ သမီးမိန်းကလေးတွေဆို မကောင်းတဲ့ဘဝရောက်ကုန်တယ်။အဆိုးဆုံးက အငယ်ဆုံးသမီးလေးက စော်ကားခြင်းခံရတယ်။အဲဒီ ပညာပေးဇာတ်လေးရိုက်ထားတယ်”လို့ နိုင်လူက ဧရာဝတီကို ပြောပါတယ်။
နိုင်လူက နောက်ထပ်ထူးထူးခြားခြားအနေနဲ့ လတ်တလောနာမည်ကြီးနေတဲ့ Sexy Fashion တွေနဲ့ ပွဲဆူနေတဲ့ မင်းသမီးသင်ဇာဝင့်ကျော်နဲ့ ဆိုင်ဖွင့်ပွဲတခုကိုတက်ရောက်ဖို့ ဖိတ်ကြားခြင်းခံထားရတယ်လို့လည်း သိရပါတယ်။
“၃ လပိုင်း KTV ဆိုင်ဖွင့်ပွဲကို မူဆယ် ၁၀၅မိုင် ဖွင့်မှာပါ။ နေ့စဉ်နဲ့အမျှ ဘာတွေလှုပ်ရှားနေသလဲလို့ စိတ်ဝင်စားနေတဲ့ နာမည်ကြီး မင်းသမီးတယောက်နဲ့ ပွဲတက်ဖို့ ဖိတ်ကြားခံရတာပါ။ကိုယ်တိုင်လည်း ဒီဆိုင်ဖွင့်ပွဲ အတွက် စီစဉ်ပေးရမှာပါ။ ပြည်သူ့ချစ်တဲ့ ညီမလေးနဲ့ပေါ့။ ဆိုင်ရှင်ကလည်း ကျနော်နဲ့အရမ်းခင်တဲ့ မိတ်ဆွေတွေဆိုတော့ ဝိုင်းဝန်းကူညီစီစဉ်ပေးရမှာပါ”လို့ နိုင်လူက ဧရာဝတီကိုပြောပါတယ်။