နိုင်ငံရေးသရော်တဲ့ ပြက်လုံးများစွာကြောင့် တခေတ်တခါက အောင်မြင်မှုတခုကို ရရှိခဲ့တဲ့ “သီးလေးသီး”အငြိမ့်အဖွဲ့ ကတော့ ယနေ့ ခေတ်စနစ်တခု အပြောင်းအလဲတခုကြောင့် ယခင်လို ပြက်လုံးများ မထုတ်နိုင်တော့ဘဲ အစွန်း နှစ်ဖက်လွတ်တဲ့ ပြက်လုံးများကို ရွေးချယ်ကြရတယ်လို့ သီးလေးသီးအဖွဲ့မှ လူရွှင်တော်ပန်းသီးက ဧရာဝတီကို ပြောပါတယ်။
“အရင်တုန်းက လက်ခုပ်သံနဲ့ အခုလက်ခုပ်သံနဲ့ နည်းနည်းကွာတယ်။ နိုင်ငံရေးပြက်လုံး ပြက်တဲ့အခါမှာ ဒီခေတ်ကျတော့ ပိုရှောင်ရတယ်။ ဘာတွေရှောင်ရလဲဆိုရင် အာဏာရှင်စနစ်တုန်းက သီးလေးသီးကို အားပေးတာက ပရိသတ်က တတန်းစားတည်း အားပေးတာ။ အာဏာရှင်တစု ပြုတ်ကျဖို့အတွက်ကို တစိုက်မတ်မတ် အားပေးတာ။ ဥပမာ ၈၀ ရာခိုင်နှုန်းလောက် ရှိတယ်။ အာဏာရှင်စနစ်ကြီး ပြုတ်ကျဖို့အတွက် အားလုံးက ဝိုင်းဝန်းကြိုးပမ်းနေကြတာလေ”
“အခုကျတော့ မြန်မာပြည်မှာရှိတဲ့ ကျနော်တို့ရဲ့ ပရိသတ်က နည်းနည်းကွဲတယ်ဗျ။ တချို့ပြက်လုံးတွေဆို အစွန်းနှစ်ဖက် လွတ်အောင်ပေါ့။ ဒီလူကိုလည်း Cover ပေးရာ မရောက်ဘူး။ ဟိုလူကိုလည်း စော်ကားရာ မရောက်ဘူး။ ကျနော်တို့ရဲ့ သီးလေးသီးမူကတော့ အနုပညာဆန်ဆန် နိုင်ငံရေးပြက်လုံးလေးတွေ ထုတ်ဖို့အတွက်ဆိုတော့ ပြက်လုံးက ရွေးချယ်ရတာ ရှားပါးလာပြီ”လို့ ပန်းသီးက ပြောပါတယ်။
အရင်ကလို ခိုးကူးခွေများ မရှိတော့တဲ့အတွက် သီးလေးသီ းကပြဖျော်ဖြေတဲ့ပွဲများမှာ ပရိသတ်မကြည့်ရဘဲ အမျိုးသားကဇာတ်ရုံမှာ ကပြဖျော်ဖြေမှသာ ပရိသတ်ကြည့်နိုင်မယ့် သဘောမျိုးဖြစ်နေတယ်လို့ ပန်းသီးက ပြောပါတယ်။
“ပြီးတော့ ခိုးကူးခွေမထွက်တဲ့ ပြဿနာ။ အရင်တုန်းကတော့ ခိုးကူးခွေတွေက လှိုင်လှိုင်ကြီးထွက်တဲ့အခါကျတော့ အရင်ကဆို ကျနော်တို့ အငြိမ့်ကတိုင်း ကတိုင်း ခိုးကူးခွေတွေက ပရိသတ်လက်ထဲပြန်ရောက်တယ်။ အခု ခိုးကူးခွေတွေက ပါးလာတော့ အငြိမ့်တွေက ပရိသတ်ဆီ မရောက်တော့ ကျနော်တု့ိ ရှိပါသေးလား။ ကနေပါလားဆိုတာ မျိုးဖြစ်တာ။ တကယ်တမ်း အမျိုးသားဇာတ်ရုံလို ပွဲမျိုးရှိမှ တတိုင်းပြည်လုံး ကြည့်ရတဲ့ ပုံစံမျိုး။ အဲဒီလိုပွဲမျိုးကျတော့ မလုပ်ရဲဘူး၊ ရှုံးလို့”လို့ ပန်းသီးက ပြောပါတယ်။
ဒီအကြောင်းအရာတွေကြောင့် သီးလေးသီးက ငြိမ်နေတာလားဆိုတာကိုတော့ ပန်းသီးက အခုလို ဆိုပါတယ်။
“ငြိမ်နေတာ မဟုတ်ဘူး။ ကြောက်လို့။ အွန်လိုင်းက ဝိုင်းဝိုင်းဆဲတာကို ကြောက်လို့။ ကျနော်တို့က မင်္ဂလာပါပြောလည်း အဆဲခံရတယ်။ ကျေးဇူးတင်ပါတယ်ပြောလည်း အဆဲခံရတယ်။ ပြက်လုံး မထုတ်လည်း Facebook မှာ ကိုယ့်ပုံလေး ကိုယ်တင်လည်း အဆဲခံရတယ်။ ဒါကတော့ Facebook အဆဲခံရတာပေါ့”
“ဒါပေမယ့် ကျနော်တို့ငြိမ်တယ်ဆိုတာ အရင်လိုစနစ်တခု မဟုတ်တော့ဘဲ ပြောင်းသွားကြပြီ။ အရင်တုန်းကတော့ နိုင်ငံရေးသရော် ပြက်လုံးကိုပဲ ဦးစားပေးပြီးတော့ ပြက်ကြတာ။ အခုကတော့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ဆိုတဲ့ လွတ်လပ်ခွင့်တခုကို ရရှိနေတဲ့အခါကျတော့ ကျနော်တို့အနေနဲ့ ပြောရမှာလည်း ဘောင်လေးတွေပြန်ခတ်ရတယ်။ ပြောချင်ရာပြောဆိုတော့ မပြောချင်ဘူးဖြစ်လာတယ်”လို့ပြောပါတယ်။
ယခုနှစ် ၂၀၁၉ခုနှစ် အတွင်းမှာတော့ သီးလေးသီးနဲ့ လူရွှင်တော် ဇာဂနာ ပူးပေါင်းပြီး ပွဲတပွဲလုပ်ဖို့အတွက်လည်း စီစဉ်ထားတယ်လို့ သိရပါတယ်။
“သီးလေးသီးက လောလောဆယ်တော့ အငြိမ့်ပွဲတွေနဲ့ပဲ နပန်းလုံးနေရတဲ့ ကာလဖြစ်တယ်။ ဒီနှစ်ထဲမှာတော့ ကိုဇာဂနာနဲ့ တိုင်ပင်ထားပြီးတော့ “သီးလေးသီး”ရယ်၊ “မြပုဏ္ဏမာ” ရယ်၊ ကျနော်တို့ရဲ့ မျိုးဆက် ဇွဲရယ်၊ အဖွဲ့၃ဖွဲ့ ပေါင်းပြီးတော့ သြင်္ကန်အပြီးလောက် လုပ်ဖို့အတွက် စီစဉ်နေပါပြီ”
“ရွေးကောက်ပွဲလုပ်ဖို့ တနှစ်အကြာပေါ့။ ရွေးကောက်ပွဲလုပ်ဖို့ကလည်း တနှစ်လောက်ပဲ လိုတော့တယ်ဆိုတော့ ကျနော်တို့မှာ ပြောစရာလေးတွေတော့ ရှိပါတယ်။ ဘာတွေပြောမလဲဆိုတာတော့ အဲဒီပွဲကျမှစောင့်ကြည့်ကြပေါ့”လို့ ပန်းသီးက ပြောပါတယ်။